Main menu

 ပြည်တွင်းအထည်များ ပြည်ပဈေးကွက်ပိုမိုရရှိရေး ဝိုင်းဝန်းဆောင်ရွက်ပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ပြည်တွင်းဒေသ ထွက်ကုန်ချည်ထည်များအား ပြည်ပဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ပြည်တွင်း SMEs ကုန်စည်ပြပွဲများနှင့် ပြည်ပကုန်စည်ပြပွဲများသို့ သွားရောက်ပြသနေသည့် ပခုက္ကူမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ (၆)လမ်းတွင်တည်ရှိသော “ဂဠုန်မင်းညီနောင်” ချည်ထည်အမျိုးမျိုး ထုတ်လုပ် ရောင်းဝယ်ရေးသို့ ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          “ဂဠုန်မင်းညီနောင်” ချည်ထည်အမျိုးမျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်နီလာမှ  မိမိတို့ ချည်ထည်လုပ်ငန်းမှထုတ်လုပ်သော ၁/၇ (၂)ပင်လိမ် ဝါချည်အတိုင်၊ အဖောက်ရက်လုပ် ထားသော  ဝါချည်စောင်ကို  ကနေဒါနိုင်ငံ၊ ကီလိုဝါ(Kelowa)မြို့ရှိ မိတ်ဆွေတစ်ဦးမှ ကနေဒါနိုင်ငံ အတွင်းဖြန့်ဖြူးရောင်းချနိုင်ရန်ဆက်သွယ်လာပါကြောင်း၊ ပြည်တွင်းဈေးကွက်မှာ ဝါချည်စောင်(၁) ထည်လျှင်(၂၆၀၀၀)ကျပ်ရောင်းချရပြီး ပြည်ပသို့ဈေးကွက်ပေါက်သွားလျှင် ပို၍ဈေးကောင်းရနိုင် သောကြောင့် ပြည်ပဈေးကွက်ကိုထိုးဖောက်ရန်အတွက် နမူနာအဖြစ် ချည်ထည်များကို ဈေးနှုန်း သက်သာစွာဖြင့် တင်ပို့လိုပါကြောင်း၊ ကုန်ကျစရိတ်သက်သာစေရန် ပခုက္ကူမြို့ စာတိုက်မှ တင်ပို့နိုင် ရန်စုံစမ်းသည့်အခါ ပြည်ပနိုင်ငံ(၆)နိုင်ငံကိုသာ တင်ပို့နိုင်ပြီး ကနေဒါနိုင်ငံမပါဝင်သည်ကိုသိရှိရပါ ကြောင်း၊ အခြားနည်းလမ်းဖြင့် ဝါချည်စောင်များကို တင်ပို့လျှင် သယ်ယူခကုန်ကျစရိတ် မြင့်မားပြီး ဈေးကွက်မှာ ရောင်းချရန်အဆင်မပြေသောကြောင့် စာတိုက်မှသာ တင်ပို့လိုပါကြောင်း၊ ကနေဒါ နိုင်ငံသို့ နမူနာအဖြစ် ဝါချည်စောင်အထည်(၅၀)ခန့်တင်ပို့ရန်ခန့်မှန်းထားပါကြောင်း၊ ပြည်ပ ဈေးကွက်တွင် ချည်ထည်များဖြန့်ဖြူးရောင်းချမည့်သူနှင့် ချိတ်ဆက်ထားပြီးဖြစ်ပါကြောင်း၊ ဈေးကွက်ပေါက်သွားလျှင် များများထုတ်လုပ်နိုင်ပြီး မိမိတို့သာမက အခြားချည်ထည် လုပ်ငန်းရှင် များကပါထုတ်လုပ်ရောင်းချလာနိုင်မည်ဖြစ်၍ နမူနာအဖြစ် ဝါချည်စောင်များကို အခက်အခဲမရှိ ဈေးနှုန်းချိုသာစွာဖြင့် တင်ပို့လိုပါကြောင်း ပြောကြားလာပါသည်။

          ဆက်လက်၍ ချည်ထည်ယက်လုပ်မှုအကြောင်းကို မေးမြန်းခဲ့ရာကုန်ကြမ်းဗမာချည်များကို မန္တလေးမြို့စက်ရုံမှဝယ်ယူကြောင်း၊ သူဌေးဝါဒစောင်နှင့်ချည်စောင်အမျိုးမျိုးကို ထုတ်လုပ်ရောင်းချ ပြီး ကြာချည်နှင့်ဝါချည်ထည်များကိုလည်း ရက်လုပ်ရောင်းချကြောင်း၊ ကြာချည်ကို စလင်း၊ ဝက်သည်းကန်ဒေသမှ တစ်ပိဿာ(၄သိန်း)(၅သိန်း)ကျပ်ဖြင့် ဝယ်ယူရပြီး အင်းလေးဒေသမှပေါင်း ပြီးသားကြာချည်များကို တစ်ပိဿာ(၈သိန်း) (၉သိန်း)ကျပ်ပေး၍ဝယ်ယူရကြောင်း၊ ကြာချည်  တဘက် တစ်ထည်ကို (၉၀၀၀၀)ကျပ် မှ (၂၈၀၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ ကြာချည်ဖြင့် ရက်လုပ်သော အင်္ကျီစများကိုလည်း ထုတ်လုပ်ရောင်းချကြောင်း၊ ကြာချည်များသည် ပဒုမ္မာကြာမှ ထုတ်လုပ်ရပြီး ကြာချည်ထည်များမှ ကြာညိုပန်းရနံ့မှာ မည်သည့်အခါမျှ ပျက်ပြယ်မသွားသည်ကို တွေ့ရပါကြောင်း၊ ကြာချည်ထည်များနှင့် ဝါချည်ထည်များသည် Hand Made များဖြစ်သောကြောင့် ရောင်းအားကောင်းသော ချည်ထည်များဖြစ်ကြောင်း သိရပါသည်။

          ဆက်လက်၍ လုပ်ငန်းရှင်မှ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့လည်း  ချည်စောင်များကို တင်ပို့ ရောင်းချရကြောင်း၊ တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံများသို့လည်း ကုန်စည်ပြပွဲများ လိုက်လံပြသ၍ ရောင်းချ ရပါကြောင်း၊ အရည်အသွေးကောင်းပြီး လှပသော ချည်စောင်များကိုပို၍ တင်ပို့ရောင်းချရပြီး ချည်ထည်များကို Export လိုင်းနှင့် ပြည်တွင်းဟိုတယ်လိုင်းကို အဓိကထား၍ရောင်းချရပါကြောင်း၊ ငှက်ပျောချည်ကိုလည်းစက်များဖြင့် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိုးဆေး အနေဖြင့် သဘာဝဆိုးဆေးကို အဓိကထားအသုံးပြုပြီး ညောင်ခေါက်၊ သရက်ခေါက်၊ မဲနယ်ရွက်၊ ဧကရဇ်ရွက်၊ ငှက်ပျောသီး၊ ဇီးဖြူသီး၊ ဂျုတ်သီး၊ မုံသီး စသည့်အပင်များမှ ထုတ်လုပ်ကြောင်း၊ ချည်ထည်များတွင် ဓာတုဆိုးဆေးကိုအနည်းငယ်သာ အသုံးပြုပြီး သဘာဝဆိုးဆေးကိုသာ အဓိက ထားအသုံးပြုကြောင်း၊ မိမိကိုယ်တိုင်ဦးဆောင်၍ အလုပ်သမားများဖြင့် သဘာဝဆိုးဆေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ကြောင်း၊ အလုပ်သမားဦးရေမှာ(၉၀)ဦးခန့်ရှိကြောင်း၊ ပြည်ပ ဈေးကွက်သို့ ထိုးဖောက်နိုင်လျှင်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပို၍ပေးနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်ကနေဒါနိုင်ငံ၊ ကီလိုဝါမြို့သို့ ဝါချည်ထည်များ ဈေးကွက်ထိုးဖောက်ရန်အတွက် နမူနာတင်ပို့မှုအပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တက်နိုင်သမျှ ကူညီပေးစေလိုကြောင်း လုပ်ငန်းရှင်ဒေါ်နီလာမှ ပြောကြားခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ပြည်တွင်းဝါနှင့်ဝါချည်ထည်ကဏ္ဍ ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသို့ ချည်ထည်များ နမူနာအဖြစ်တင်ပို့ရန် အခက်အခဲဖြစ်သည်ကိုသိရှိရသည့်အတွက် အထက်ဌာနသို့ တင်ပြပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်လည်း နိုင်ငံအလိုက် စီးပွားရေးသံမှူးများ ခန့်အပ်ထားပါ ကြောင်း၊ ဌာနအကြီးအကဲများသို့ ဆက်လက်တင်ပြ၍ စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်နိုင်ရေး၊ ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

DOCA(မကွေး)