Main menu

ဆန်းသစ်လာသည့်ရေကြည်ပေါ်ဆန်းမွှေး တောင်သူများအားအကျိုးပေး

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ်ပြန်လည် ဆန်းသစ်ပေါ်ထွန်းလာစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများပေါင်းစပ်၍ ရေကြည်ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချလျှက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်များနှင့် ပေါင်းစည်းဆောင်ရွက်လျက်ရှိပါသည်။

              ရေကြည်မြို့နယ်အတွင်းရှိ ပေါ်ဆန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ယခင်ကာလက မိရိုးဖလာနည်းဖြင့်သာစိုက်ပျိုးခဲ့ခြင်းဖြင့် သူတစ်ကွက်ငါတစ်ကွက်စိုက်ပျိုးခြင်းနှင့် အရည်အသွေးမမှီ သော ဒေသမျိုးများစိုက်ပျိုးကြသည့်အတွက် ဈေးကွက်မရှိဘဲ တောင်သူများမှာ စိုက်ပျိုးစရိတ် ကာမီရုံသာ အကျိုးအမြတ်ဖြစ်ထွန်းမှုနည်းပါးစွာရရှိခဲ့ပါသည်။  ယခုအခါ ကန်ထရိုက်လယ်ယာစနစ် Contract Famming ဖြင့် စိုက်ပျိုးခဲ့ခြင်းကြောင့် ဈေးကွက်သို့ဝင်ရောက်နိုင်ခဲ့ပါသည်။

              ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုရှိ ဧက ၁၆၀၀ အပါအဝင် တစ်စပ်တစ်ဆက် တည်းရှိသော ပန်းဇံကွင်း၊ ကွင်းကြီး၊ မကျည်းသဟာ စသည့်ကျေးရွာအုပ်စုများတွင် Contract Famming စနစ်ဖြင့် တောင်သူ(၃၆၇)ဦးမှ ပေါ်ဆန်းစိုက်ဧက (၂၆၃၈)ဧကအား စိုက်ပျိုးရေးဦးစီး ဌာနမှ အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။ ဧရာဝတီပေါ်ဆန်း(ဘေးကြား)အား ဈေးကွက်တွင်ဖြစ်ပေါ်လာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ခုနှစ်မှစတင်၍ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး မျိုးကောင်း မျိုးသန့်များထုတ်ပေးခြင်း၊ မြေဆီလွှာအားထိမ်းသိမ်းပြုပြင် ခြင်း၊ ဓါတ်မြေဩဇာကျွေးခြင်းများကို စနစ်တကျရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။ ထို့အပြင် လိုအပ်သည့်လုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဌာနစိတ်မှ စမ်းသပ် ဖြည့်ဆည်းပေးလျှက် အရည်အသွေးပြည့်မီ၍ အထွက်တိုးစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိရာ တောင်သူများမှာ ဗဟုသုတများတိုးတက်လာပြီး စိတ်ပါဝင်စားစွာစိုက်ပျိုးမှုကြောင့် တစ်နှစ်ထက် တစ်နှစ် အရည်အသွေးပြည့်မီ၍ ရွှေဘိုပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေးပြည့်မီလာခဲ့ပါသည်။

              ယခင်နှစ်က ဧကပျမ်းမျှအထွက်နှုန်းမှာ(၇၉)တင်းနှုန်းထွက်ရှိပြီး ယခုနှစ်တွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း(၈၀)တင်းခန့်ထွက်ရှိခဲ့ပါသည်။ ပေါ်ဆန်းစပါးဈေးနှုန်းအနေဖြင့် ယခင်နှစ်စပါးတစ်တင်း အခြောက်(၅၀)ပေါင်လျှင် ၁၂၅၀၀ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် စပါးတစ်တင်းအခြောက်(၅၀)ပေါင်လျှင် ၁၃၂၀၀ ကျပ်ဈေးရရှိခဲ့ပါသည်။ ယခုနှစ် တစ်ဧကပျမ်းမျှအထွက်တင်း(၈၀) တင်းဖြစ်ပြီး စပါးတင်း(၁၀၀)လျှင် (၁၃၂၀၀၀၀)ကျပ်ရရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၅၂၅၅၀၀) ကျပ်ကုန်ကျသည့်အတွက် တောင်သူအကျိုးအမြတ်အနေဖြင့် (၅၃၀၅၀၀)ကျပ် ရရှိမည်ဖြစ်ပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ကုန်သည်၊ စက်ပိုင်များအပြင်၊ ပုသိမ်၊ မြောင်းမြ ဈေးကွက်နှင့် အညာ ဈေးကွက်အထိ လာရောက်ဝယ်ယူလျှက်ရှိပါသည်။

              စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးဦးတည်ချက်(၄)ရပ်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရေး ထွက်ရှိလာသည့်အရည်အသွေးပြည့်မီသော ရေကြည်ပေါ်ဆန်းမွှေးအား ပြည်တွင်း ဈေးကွက်ရရှိစေရေးနှင့်ပြည်ပသို့တင်ပို့ ရောင်းချနိုင်ရေး ဒေသကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပြီး Milling Quality နှင့် Eating Quality အဆင့်မီကောင်းမွန်စေရန်၊ ခေတ်မှီအခြောက်ခံစက်များနှင့်သိုလှောင်ရုံခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။

              ဧရာဝတီတိုင်းအစိုးရအဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အမှန်တကယ် အရည်အသွေးကောင်းမွန်သော ပေါ်ဆန်းစပါးအား ဈေးကွက်အတွင်း Branded ဖော်ဆောင်၍ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့်ရေကြည်ပေါ်ဆန်း ကြီးကြပ်ကွပ်ကဲရေးအထူးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျှက်ရှိသည်။ သို့ဖြစ်ပါ၍ ရေကြည်ပေါ်ဆန်းမွှေး ဈေးကွက်အခိုင်အမာရရှိလာပါက တောင်သူများအနေဖြင့် ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းသစ်လာပြီး ဝင်ငွေအခွင့်အလမ်းများစွာရရှိနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)