စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး စားအုန်းဆီများအား သက်သာသောနှုန်းဖြင့် ပြန်လည်ရောင်းချရေး ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေးအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား စားအုန်းဆီ ရောင်းချရာတွင် အလေးချိန်ပြည့်မီမှု ရှိ/မရှိ၊ အထူးဈေးနှုန်း သတ်မှတ်ချက်ဖြင့် ရောင်းချမှု ရှိ/မရှိ မြေပြင် ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးဆီ/ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ကုန်စည်၏ အမျိုးအမည်များအား မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ဤဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ ပြဌာန်းချက်များသည် ဥပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့မှစတင်၍ အာဏာတည်ပြီးဖြစ်ကြောင်း လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဖော်ပြချက်အပေါ် ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဟင်းသီးဟင်း ရွက်ဆီ (စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟု ဖော်ပြရန်နှင့် အသားတင်ပမာဏနှင့်အရွယ်အစား တို့အား မြန်မာအလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်းနှင့် ဟင်းသီးဟင်းရွက်ဆီ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမှုတို့နှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) သည် ညွှန်ကြားချက် ထုတ်ပြန်သည့် (၂၀-၁၂-၂၀၂၁) ရက်နေ့မှ (၆)လ ပြည့်မြောက်ပြီး သည့်နေ့ရက်မှ စတင်ပြီး စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး (၁/၂၀၂၁) ညွှန်ကြားချက်အား စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များထံ အသိပညာပေး ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)