Main menu

ဈေးမာလျှက်ရှိသည့် အောင်လံဒေသပဲစဉ်းငုံဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့သည် ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တောင်တွင်းကြီးမြို့၊ ဆင်ပေါင်ဝဲမြို့၊ ကိုးပင်စသည့် ပတ်ဝန်းကျင်ကျေးရွာများ၊ ပဲခူးတိုင်း အနောက်ခြမ်း ဝက်ထီးကန်၊ ပေါက်ခေါင်းတို့မှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများ လာရောက်ရောင်းဝယ်ဖောက်ကားရာ အချက်အချာကြသည့်မြို့ဖြစ်ပါသည်။အောင်လံမြို့သည် စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံ၊ ဝါစသည့် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိရာ အောင်လံကုန်စည်ဒိုင်မှလည်း အထူးသက်ဝင်လျှက်ရှိပြီး ဒေသခံတောင်သူပွဲစားကုန်သည်များဖြင့် နေ့စဉ်ရောင်းဝယ်ဖောက်ကားစည်ပင်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

          ယခုဇန်နဝါရီ တတိယပတ်အတွင်း အောင်လံကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်သည့် သီးနှံမှာ ပဲစဉ်းငုံသီးနှံဖြစ်ပြီး နေ့စဉ်ပိဿာ(၃၀)ဝင်အိတ် (၃၀၀)မှ(၅၀၀)ကြား အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ပဲစဉ်းငုံကိုနှမ်း၊ မြေပဲ၊ ဝါသီးနှံများကြားတွင် မိုးလယ်ဇွန်၊ ဇူလိုင်လများကပင် သီးညှပ်စိုက်ပျိုးခဲ့ကြောင်၊ စိုက်ဧက ၃၄၇၃ ဧကခန့်စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ ယခင်နှစ်ကထက် စိုက်ဧက(၁၁၀၀)ခန့် ပိုမိုစိုက်ပျိုးခဲ့သော်လည်း ယခင်နှစ်အထွက်နှုန်း ၁၆ တင်း ရရှိခဲ့ပြီး ယခုနှစ်၁၃တင်းခန့်သာ ထွက်ရှိကြောင်း သိရှိရပါသည်။ ပဲအရည်အသွေးမှာလည်း ဒီဇင်ဘာလအတွင်းရွာသွန်းခဲ့သည့်မိုးကြောင့် မနှစ်ကအရည်အသွေးကိုမမှီခဲ့ကြောင်း၊ သို့ရာတွင် ပဲစဉ်းငုံဈေးမှာ ယခင်နှစ်ကဈေးထက် ပိုခဲ့သည့်အတွက် ဈေးပိုမိုရရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက် ကျေးရွာနေ တောင်သူဦးမြင့်ငွေ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

      ပဲစဉ်းငုံပေါ်စတွင် ပိဿာ (၂၀ )တစ်တင်း ၃၃၀၀၀-၃၅၀၀၀ဈေးရှိခဲ့သော်လည်း ၂၀၂၂ ဇန်နဝါရီ ဒုတိယပတ်တွင် ၄၅၃၀၀အထိ ဈေးမြင့်ခဲ့ကြောင်း၊ ယနေ့ ၂၅.၁.၂၀၂၂ နေ့ဈေးမှာ ၄၃၀၀၀ ရှိကြောင်း စုံစမ်းသိရှိရပါသည်။အောင်လံကုန်စည်ဒိုင်တွင် ယခင်နှစ်များတွင် ရန်ကုန်ကုမ္ပဏီများက ဦးဆောင်၍ ပဲစဉ်းငုံဈေးဖွင့်ခဲ့သော်လည်း ယခုနှစ်တွင် နယ်အဝယ်လှောင်လက်သမားများမှ ဦးဆောင်နေကြောင်း ကုမ္ပဏီများမှသတ်မှတ်ဈေးထက်ကျော်လွန်သွားပါက ဈေးပေးမဝယ်တော့ဘဲ လှောင်လက်သမားများမှ ပိဿာ ၂၀ တစ်တင်းလျှင် ၅၀၀မှ၁၀၀၀ထိဈေးပိုပေး၍ ဝယ်ယူနေသည့်အတွက် ပဲစဉ်းငုံဈေးမှာ ယခုနှစ်တွင် ရောင်းသူဈေးကွက်ဖြစ်နေ၍ စိုက်ပျိုးသူတောင်သူများ ပြုံးပျော်ရသည့် နှစ်လည်းဖြစ်ကြောင်း ကုန်သည် ဦးဉာဏ်လွင်၏ပြောကြားချက်အရသိရှိရပါသည်။

        ၂၀၁၇-၂၀၁၈တွင် အိန္ဒိယသည်မြန်မာပြည်မှထွက်ရှိသည့် ပဲတီစိမ်းနှင့်ပဲစဉ်းငုံသီးနှံများကို တန်ချိန်လျော့၍ ကိုတာသတ်မှတ်ဝယ်ယူခဲ့ရာ ပြည်တွင်းထွက်ပဲစဉ်းငုံသီးနှံမှာလည်း ပြည်ပတင်ပို့နိုင်မှု ပမာဏလျော့နည်းခဲ့၍ ပဲစဉ်းငုံအစားအခြားတွက်ချေကိုက်သည့် သီးနှံများပြောင်းလဲစိုက်ပျိုးရေး ပဲစားပွဲတော်များကျင်းပ၍ ပြည်တွင်းပဲစားသုံးမှုပမာဏတိုးပွားရေးတို့ကို မိမိတို့ဌာနမှ အသိပညာပေး ခဲ့ရသော်လည်း နောက်နှစ်များတွင် အိန္ဒိယမှပဲတင်သွင်းမှုပမာဏများလာခဲ့၍ ပဲစဉ်းငုံသီးနှံစိုက်ဧကမှာလည်း လျော့ကျသွားခြင်းမရှိဘဲ ယခုနှစ်တွင်ပိုမိုစိုက်ပျိုးလာသည်ကိုသိရှိရပါသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ရာသီဥတုဆိုးရွားမှုကြောင့်လည်းကောင်း၊ စီးပွားကူးသန်းမှ တာဝန်ရှိလူကြီးများ၏ ညှိနှိုင်းကြိုးစားမှုအရ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအဖြစ် မြန်မာနိုင်ငံမှ ပဲစဉ်းငုံနှင့် ပဲတီစိမ်းကို တန်ချိန်တိုး၍ ဝယ်ယူသွားမည်ဖြစ်ရာ ပဲစဉ်းငုံဈေးမှာ ပေါ်စ ၃၅၀၀၀မှ တဖြည်းဖြည်းဈေးမြင့်ဝယ်ယူခဲ့ရာ ယခုအချိန် ၄၅၀၀၀အထိဖြစ်နေရာ တောင်သူများပြုံးပျော်နေရပြီဖြစ်ပါသည်။ ယခုနှစ်တွင်ပွဲစားလှောင်လက်များမှ ပဲစဉ်းငုံတစ်တင်း ၅၀၀၀၀ခန့်အထိမျှော်မှန်း၍ ဝယ်ယူသိုလှောင်မှုများလည်းရှိလာသည်ကို သိရှိရပါသည်။ ရန်ကုန် Export ကုမ္ပဏီများမှလည်း နှစ်ဟောင်းပဲစဉ်းငုံများကိုပင် ဈေးကောင်းပေးကာ ဝယ်ယူမှုများရှိနေ သည့်အတွက် နယ်လှောင်လက်များခန့်မှန်းသည့်ဈေးမရောက်နိုင်ဟု မပြောနိုင်ကြောင်း၊ သို့ဖြစ်ရာ အောင်လံဒေသထွက်ပဲစဉ်းငုံများမှ ပေါ်စမှယခုချိန်ထိ အမာဈေးတန်းဖြင့်သာ ဈေးကွက်တွင်နေရာယူလျက်ရှိပါကြောင်း၊ ဒီနှစ်အတွက်တောင်သူအဖို့ မာငုံနီဟုတင်စားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်း‌ဒေသကြီး