Main menu

ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး ဘေးအန္တရာယ်ကင်းရှင်းရေးဂရုပြုရန်လို

Powered by Drupal

            အသက်အရွယ်အလိုက် ကလေးကစားစရာပစ္စည်းများစွာ တီထွင်ထုတ်လုပ်လျက်ရှိရာ ဈေးကွက်အတွင်းမှာ ပြည်တွင်းဖြစ်ကစားစရာ၊ ပြည်ပကတင်သွင်းလာသည့် ကစားစရာဟူ၍ အမျိုးအစားစုံလင်လှပါတယ်။   အရုပ်ကစားစရာပစ္စည်းများသည် ကလေးများကို ပျော်ရွှင်စေရုံသာမက၊ စိတ်ကူးဉာဏ်ကွန့်မြူးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ အားကစားနဲ့ပတ်သက်တဲ့ ကစားစရာများဟာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးအတွက် အရေးပါလှပါတယ်။ ယခုအခါ သိပ္ပံပညာ ထွန်းကားလာတာနဲ့အမျှ ကစားစရာအဆန်းအပြားများ ပေါ်ပေါက်လာတဲ့အခါ ခေတ်ပေါ်ကလေး ကစားစရာအချို့သည် မည်သို့ကစားရမည်ကို မိဘအများစုနားမလည်နိုင်သည်များ ရှိနေသည်ကို တွေ့ရပါတယ်။ ကလေးက ကစားစရာနဲ့အထိတွေ့များနေတဲ့အချိန်မှာ မတော်တဆဖြစ်မှုများဖြစ်ပွားလေ့ရှိသဖြင့် ဘေးအန္တရာယ်ကင်းတဲ့ ကစားစရာများဖြစ်ဖို့ လိုအပ်ပါတယ်။ ကစားစရာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုပင်ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချသူတို့က စီးပွားရေးလုပ်ငန်းရှင်အပိုင်းဖြစ်ပြီး ဝယ်ယူသုံးစွဲသူကလေးများနှင့်မိဘများက စားသုံးသူအပိုင်း ဖြစ်ကြပါတယ်။

ကလေးအသက်အရွယ်အလိုက် သင့်လျော်သော ကစားစရာများ၊ အန္တရာယ်ကင်းတဲ့ကစားစရာများကို မိဘများက ရွေးချယ်ဝယ်ယူပေးရန်လိုပါတယ်။ မိဘက စဉ်းစားဆင်ခြင်ပြီးမှ ဝယ်ပေးတာမျိုးမဟုတ်ဘဲ ကျောင်းဈေးမှာရောင်းတာ၊ အိမ်နားကကုန်စုံဆိုင်မှာရောင်းတာကို ကလေးကိုယ်တိုင်က ဝယ်ကြခြင်း၊ ကလေးအချင်းချင်းထံက ရရှိခြင်းတို့ကြောင့် ဘေးအန္တရာယ်ရှိမရှိကို မစိစစ်နိုင်ဖြစ်ရပါသည်။ ထိုကဲ့သို့ချင့်ချိန်စဉ်းစားရွေးချယ်နိုင်ရန် သတင်းအချက်အလက်ရရှိဖို့ အရေးကြီးပြီး မြန်မာစာ ဖတ်တတ်ရုံနဲ့ ဖတ်ရှုပြီးသိရှိနိုင်ဖို့ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်ပိုင်းက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အရေးပါလာပါတယ်။

ဘေးအန္တရာယ်ဖြစ်စေမှုကို ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများအနက် အရေးပါသော စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို ထုတ်လုပ်တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များက လိုက်နာရမည်ဖြစ်သလို ဝယ်ယူသည့် စားသုံးသူမိဘများကလည်း အရုပ်မဝယ်ယူမီ ဖတ်ရှုစိစစ်ပြီးမှဝယ်ယူရပါမည်။ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ကုန်စည်အုပ်စု(ဂ)၏ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြား ချက်ထုတ်ပြန်ထားပါသည်။ မည်သို့ကစားရမည်၊ မည်သည့်အသက်အရွယ်ကစားရမည်ဆိုသည့် မြန်မာ ဘာသာဖြင့် ဖော်ပြချက်များ ယခုနောက်ပိုင်း ကစားစရာပစ္စည်းများတွင်ဖော်ပြထားသည်ကို တွေ့ရပါသည်။

ဆော့စရာကို စားစရာအမှတ်ဖြင့်မြိုချမိခြင်း၊ သေးငယ်သဖြင့် မတော်တဆ ပါးစပ်ထဲ နှာခေါင်းထဲဝင်သွားခြင်း၊ ခဲဆိပ်များ၊ မှိုတက်နိုင်သည့်ကစားစရာများ၊ ဓာတုပစ္စည်းပါဝင်မှုများကြောင့် ဘေးဖြစ်နိုင်ခြင်း၊ ခိုင်ခံ့မှုမရှိသဖြင့် အန္တရာယ်ရှိခြင်း၊ ဒဏ်ရာအနာတရဖြစ်စေနိုင်သည့် ကစားစရာ သေနတ်ကျည်ဆံ၊ အဆူး၊ အချွန်၊ ပြတ်ရှနိုင်သည်တို့ဖြစ်မည်ကို သတိထားရပါမည်။ ကလေးများအတုယူမှားစေမည့် စာရိတ္တစည်းကမ်းပျက်စီးစေမည့် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးပုံသဏ္ဍာန်ကစားစရာများ၊ သူခိုးအားပေး ပုံသဏ္ဍာန် ကစားစရာများကို ထုတ်လုပ်ရောင်းချခြင်းမပြုလုပ်သင့်ပါ။ ကလေးများ၏ ကျောင်းကစား ကွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လူမှုဝန်ထမ်း ဦးစီးဌာနက ဆန်းစစ်မှုများရှိကြောင်းသိရပါသည်။

စားသုံးသူအခွင့်အရေး(၈)ချက်အနက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်းဆိုတဲ့အချက်ပါဝင်ပါတယ် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေး တို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်ဟုပါရှိပါတယ်။ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်တာဝန် မှာလည်း စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကစားစရာပစ္စည်းများ ကနေ ထိခိုက်နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကလေးအရုပ်များကို ကြံ့ခိုင်မှုရှိမရှိ စစ်ဆေးထုတ်ပြန် ထားသည့် ပြည်ပမှ သတိပေးချက်များကို စားသုံးသူရေးရာဦးစီးဌာန၏ doca.gov.mm website တွင် ကုန်ပစ္စည်းသတိပေးချက်များအဖြစ် ဖော်ပြထားသည်ကို သွားရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းပါးပါတယ်။ ထိုသတိပေးချက်များတွင် ဘတ္ထရီပစ္စည်းများက ရေနဲ့စိုစွတ်မှုဒဏ်ခံနိုင်သည့် နည်းစနစ်အားနည်းသည့်အတွက် ဓာတ်လိုက်မှုဖြစ်ပေါ်နိုင်သည့်ကစားစရာများ၊ လက်ကိုင်များ၊ ပတ္တာ များလျော့ရဲနေပြီး လုံလောက်သောကြံ့ခိုင်မှုမရှိသည့် တွန်းလှည်းနှင့် စီးစရာပစ္စည်းများ၊ ပါးစပ်ထဲ အလွယ်တကူဝင်နိုင်သည့်ပစ္စည်း၊ လည်ချောင်းတွင်းဝင်ပါက အသက်ရှုရပ်စေနိုင်သည့်အမွှေးများ ပါသည့်အင်္ကျီ၊ အနည်းငယ်ပူရုံနဲ့ မီးလောင်လွယ်သည့် ပိတ်စဖြင့်ချုပ်ထားသည့်ဂါဝန်ပါအရုပ် စသည်တို့ကို ဆင်ခြင်ဖွယ်တွေ့ရမည်ဖြစ်ပါတယ်။

            စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်ပါက ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အရေးယူခြင်း ဆောင်ရွက်လျက်ရှိရာ လာရောက် တိုင်ကြားတဲ့ ကုန်စည်တိုင်ကြားမှုများအနက် အစားအသောက်နှင့်လူသုံးကုန်များ၊ လယ်ယာသုံးစက် ကိရိယာပစ္စည်းများ အများစုဖြစ်ပြီး ကလေးကစားစရာနှင့်ပတ်သက်၍ တိုင်ကြားမှုကတော့ မရှိသလောက်ဖြစ်ပါတယ်။ ကလေးကစားစရာအရုပ်များအနေနဲ့ ဘေးအန္တရာယ်မရှိခြင်း၊ မိဘများက ၎င်းတို့၏ ကလေးကို ဂရုစိုက်ကြခြင်းကြောင့် အထက်မှာဖော်ပြခဲ့တဲ့ဘေးအန္တရာယ်များ ကြုံတွေ့ရမှု မရှိခြင်း၊ ဆိုင်များကလည်းမြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိပေမယ့်ရောင်းသူဝယ်သူ ရှင်းပြခြင်းဖြင့် ထိတွေ့ဆက်ဆံသည့် အရောင်းအဝယ်စနစ်ကြောင့်ဖြစ်နိုင်ပါတယ်။

ဝယ်ပြီးပစ္စည်းပြန်မလဲပါ ဆိုသည့်အခါ အပေါ်ယံကမမြင်ရဘဲ အတွင်းမှာကျိုးပဲ့နေတဲ့ကစားစရာ၊ ဆိုင်မှာစမ်း မကြည့်ခဲ့ရသဖြင့် ဓာတ်ခဲ အသစ်ထည့်သော်လည်း အလုပ်မလုပ်တော့သည့်အရုပ်၊ ဆွေးနေတဲ့ဘောလုံး၊ ပူဖောင်း စသည်တို့ကြောင့် ပေးလိုက်ရသည့် တန်ဘိုးနှင့်မညီသဖြင့် ငွေကြေးဆုံးရှုံးပြီး စိတ်ကျေနပ်မှုမရှိခြင်း၊ ဘေးအန္တရာယ် မကင်းသော ဆေးရောင်ချယ်ဆိုးဆေးများ၊ ဘထ္ထရီအဖုံးမလုံသဖြင့် ထွက်ရှိလာသည့် ဆေးမှုန်များ၊ မှိုတက်နေသောရွှံ့ဂျုံတုများ၊ ခိုင်ခံ့မှုမရှိသဖြင့် ကလေးအရေပြားနှင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားပါက နီးစပ်ရာ စားသုံးသူသတင်းပြန်ကြားမှုနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) များတွင် တိုင်ကြားနိုင်ပါတယ်။  တိုင်ကြားသူက စားသုံးသူ ကိုယ်တိုင်ဖြစ်ရမည်ဖြစ်ပြီး တိုင်ကြားလိုသည့် လုပ်ငန်းရှင်၏လိပ်စာကိုလည်း သိရှိရမှာဖြစ်ပါတယ်။ ထုတ်လုပ်သူကို မသိရှိနိုင်မည့် အခြေအနေမှာ လက်လီရောင်းချသူ၊ လက်ကားရောင်းချသူ၊ တင်သွင်းသူတို့ကတာဝန်ရှိမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာန၏  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတွင် ကလေးငယ်များအတွက် အရေးကြီးသည့် ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် သတင်းအချက်အလက် ထုတ်ပြန်ပေးနိုင်ရေး ဂရုပြုဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တိုင်ကြားလာမှ ဖြေရှင်းခြင်း မဟုတ်ဘဲ ဘေးကင်းမှုမရှိ လုံခြုံစိတ်ချရမှုမရှိသော စံချိန်မမီသည့် ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးကို ဈေးကွက်အတွင်းမှ မရှိစေရေးအတွက် ကလေးများ မိဘများနှင့် လုပ်ငန်းရှင်များဘက်ကလည်း ကလေးကစားစရာအရုပ်နှင့် ပစ္စည်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြပါရန် စေတနာရှေ့ထား၍ တိုက်တွန်းအပ်ပါတယ်။

DOCA(စစ်ကိုင်း)