၁၂။ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုအပေါ် တားမြစ်ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေပြီး ရာသီအလိုက် ပွဲတော်ကာလများ၌ ဝယ်လိုအားမြင့်တက်မှုအရ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း၌တွင် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆက်လက်တင်းကျပ်မှုဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းများ ပိုမိုမြင့်တက်မှုကို တွန်းအားပေးလျက်ရှိပါသည်။
၁၃။ လူဦးရေ သန်းထောင်ပေါင်းများစွာအတွက် အဓိကစားသုံးကုန်ဖြစ်သော ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်မှုက အိမ်ထောင်စုများ၏ အသုံးစရိတ်ကို ပိုမိုကုန်ကျစေမည်ဖြစ်ကြောင်း၊ အာရှ ဒေသ၌ စံထားရသည့် ဆန်ကွဲ ၅% ပါဝင်သော ထိုင်းဆန်၏ ဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းနှင့်နှိုင်းယှဉ်လျှင် ၁၀-၁-၂၀၂၄ နေ့တွင် ၁ တန်လျှင် ၆၄၆ ဒေါ်လာနှုန်းဖြင့် ကျဆင်းခဲ့ သော်လည်း ၁၅ နှစ်ကာလအတွင်း အမြင့်ဆုံးအခြေအနေ၌ တည်ရှိနေဆဲဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယ၏ ပို့ကုန်ပိတ်ပင်မှုက သက်ရောက်မှုကြီးမားသဖြင့် အနာဂတ်ကာလတွင် ဆန်ဈေး ကွက် အကျပ်အတည်း ဆက်လက်ဖြစ်ပေါ်လိမ့်မည်ဆိုသည်ကို ၎င်းတို့အနေဖြင့် ကြိုတင်သိမြင် ထားကြောင်း၊ အိဒ်ဘာသာရေးပွဲတော်သည် ဧပြီလတွင် ကျရောက်လျက်ရှိပြီး ယင်းကာလမတိုင်မီ အတွင်း မွတ်စလင်လူဦးရေ အများအပြားနေထိုင်ရာ အာရှနှင့်အာဖရိကဈေးကွက်များ၌ ဆန်ဝယ် လိုအားမှာ ဆက်လက် ကောင်းမွန်နေမည်ဖြစ်ကြောင်းဖြင့် လန်ဒန်မြို့ အခြေစိုက် International Grains Council မှ ဈေးကွက်သုတေသီ Peter Clubb က ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi အနေဖြင့် မဲဆန္ဒရှင်များ၏ ရွေးချယ်မဲပေးမှု မတိုင်မီ ကာလအတွင်း ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိအောင် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ကမ္ဘာ့ ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယ၏ ဆန်ပို့ကုန်အပေါ် တားမြစ်ကန့်သတ်ချက်မှာ အထွေထွေရွေး ကောက်ပွဲ ကျင်းပမည့် ဧပြီ-မေ လများအထိ ဆက်လက်ချမှတ် ဆောင်ရွက်ဖွယ်ရှိသည်။ ထို့အပြင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ပေါ်ပေါက်မှုနှင့် ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာဒေသများ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြုံတွေ့ရနိုင်ခြင်းက ရောင်းလိုအားအပိုင်းအတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။
အာရှနှင့် အာဖရိကဒေသရှိ နိုင်ငံများသည် အိန္ဒိယ၏ ဆန်ပို့ကုန်ကန့်သတ်မှု စတင်ခဲ့သော ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် အလုအယက်ကြိုးပမ်း အားထုတ် နေကြရသည်။ ဖိလစ်ပိုင်နိုင်ငံ၌ ဆန်ဈေးနှုန်းများ ကြီးမြင့်လာချိန်တွင် အင်ဒိုနီးရှားနိုင်ငံ၌လည်း တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရာတွင်ကူညီပံ့ပိုးရန် အစိုးရက ၎င်း၏ ကြည်းတပ်အား တောင်းဆိုခဲ့ရသည်။ အင်ဒိုနီးရှားသည် ဆန်ထိပ်တန်း တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ရှေ့လာမည့် ဖေဖော်ဝါရီလတွင် သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ဆန်တင်သွင်းမှုကို အရှိန် မြှင့်တင် လုပ်ဆောင်လျက်ရှိသည်။
သို့သော် နိုင်ငံအများအပြား၏ ဆန်တင်ပို့မှု ကျယ်ပြန့်စွာ ပိတ်ပင်ခြင်းကြောင့် ၂၀၀၈ ခုနှစ် တွင် ဖြစ်ပေါ်ခဲ့သော စံချိန်တင် ဆန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၁၀၀၀ အထက်၌ တည်ရှိသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ဖွယ်မရှိကြောင်း၊ ယခုလအတွင်း ဗီယက်နမ်နိုင်ငံ၊ မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသတွင် လယ်သမားများက စပါးအသစ်များ စတင်ရိတ်သိမ်းမည်ဖြစ်၍ ဆန် ရောင်းလိုအားအပိုင်း၌ စိုးရိမ်မှုများ လျော့ပါးသက်သာစေမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ၌ ဆောင်းနှင့် နွေဦးရာသီတို့၏ ကြားကာလတွင် စိုက်ပျိုးထုတ်လုပ်မှုမှ စပါးရိတ်သိမ်းရရှိမှုသည် ပမာဏ အများဆုံးဖြစ်ကြောင်း၊ ယခုနှစ်တွင် ဆန်ဝယ်လိုအား အထိုက်အလျောက် လျော့ပါးမှုရှိ မည်ဖြစ်ရာ ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာလည်း ကျဆင်းလိမ့်မည်ဟု ထိုင်းဆန်တင်ပို့သူများအသင်း က ခန့်မှန်းထားကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲပြီးဆုံးချိန်၌ အင်ဒိုနီးရှား၏ ဆန်ဝယ်လိုအား ကျဆင်းမည်ဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ယခင်နှစ်၌ တန်ချိန် ၇.၇ သန်းခန့်သာရှိရာမှ အင်ဒိုနီးရှား နိုင်ငံ၏ ဝယ်လိုအား မြင့်မားမှုကြောင့် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၈.၇ သန်းမှ ၈.၈ သန်းအတွင်း တင်ပို့နိုင်ခဲ့မည်ဟု ခန့်မှန်းရကြောင်း၊ ထိုသို့ တိုးတက်တင်ပို့နိုင်မှုကြောင့် ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံများအနက် ဗီယက်နမ်နိုင်ငံ၏ ရှေ့တွင် ဒုတိယဆန်တင်ပို့မှုအများဆုံးနေရာကို ပြန်လည်ရယူ နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Source: Bangkok Post,