Main menu

ဆန်ထုတ်ကုန်လုပ်ငန်းနယ်ပယ်ကို ၂၀၂၈ ခုနှစ်၌ နှစ်ဆတိုးမြှင့်နိုင်ရန် ကိုရီးယားကြိုးပမ်း

Powered by Drupal

    ကိုရီးယားသမ္မတနိုင်ငံ၌ ဆန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်၏ အရွယ်အစားကို ၂၀၂၈ ခုနှစ်တွင် ဝမ်ငွေ ၁၇ ထရီလီယံ (ဒေါ်လာ ၁၂.၇ ဘီလီယံ) ရောက်ရှိသည်အထိ နှစ်ဆ တိုးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၂၃-၁-၂၀၂၄ နေ့ တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

    အဆိုပါရည်မှန်းချက်တွင် ဆန်နှင့်ဆက်စပ်သည့် ထုတ်ကုန်များအား ပြည်ပတင်ပို့မှုကို ၂ဝ၂၂ ခုနှစ်၌ ရရှိခဲ့သောဝင်ငွေ ဒေါ်လာ ၁၈၂ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၄၀၀ အထိ တိုးမြှင့်ရေးလည်း ပါဝင်သည်။ ဆန်ပြုပြင်ထုတ်လုပ်မှု လုပ်ငန်းတွင် အရန်သင့်စားသုံးနိုင်သည့် အသင့်စား ထမင်းပေါင်း၊ နေ့လယ်စာ ထမင်းဘူး၊ ခေါက်ဆွဲနှင့် အရက်ပြန်တို့အပါအဝင် ထုတ်ကုန် အမျိုးမျိုး အကျုံးဝင်ပါသည်။

    ၂၀၂၇ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ ဂျုံမှုန့်တင်သွင်းမှု လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်ကို အစားထိုးနိုင်ရန်အတွက် ဆန်မှုန့်ဖြင့် ကုန်စည်အသစ်များထုတ်လုပ်ခြင်းကို ဖွံ့ဖြိုးတိုးတက်အောင်  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် လက်တွဲလုပ်ဆောင်ရန် စီစဉ်နေကြောင်း ကိုရီးယား စိုက်ပျိုး ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ပို့ကုန်မြှင့်တင်နိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ဆန်ထွက်ကုန်များ တင်ပို့ရာတွင် ဦးဆောင်နိုင်မည့် ပို့ကုန်လုပ်ငန်းရှင်ဦးရေ ၂၀၀ အထိ ပြုစုပျိုးထောင်ရန် ရည်မှန်းထားသည်။ ၎င်း လုပ်ငန်းရှင်များ၏ စျေးကွက်ရှာဖွေရေး ကြိုးပမ်းမှုများကို ပံပိုးကူညီရန်အတွက် နာမည်ကြီး K-pop အနုပညာရှင်များနှင့် ပူးပေါင်းတင်ဆက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် ဆန်စားသုံးမှုကို အားကောင်းလာစေရန်နှင့် ကျန်းမာသော စားသောက်မှု အလေ့အထကို ထိန်းသိမ်းရာတွင် အထောက်အကူပြုရန်အတွက် အစိုးရသည် တက္ကသိုလ်ကောလိပ်များ၌ ဝမ်ငွေ ၁၀၀၀ သာ ကျသင့်သည့် နံနက်စာရောင်းချပေးမှု စီမံကိန်းများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။

    ကိုရီးယား ပြည်တွင်းဈေးကွက်၌ အရန်သင့်စားသုံးနိုင်သည့် ထမင်းပေါင်း ထုတ်ကုန်များ ရောင်းချမှုသည် ၂၀၂၂ ခုနှစ်တွင် ဝမ်ငွေ ၉၃၅.၆ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး ပြုပြင်ပြီး ဆန်ထုတ်ကုန်များ၏ ၁၂.၅% အထိ ပါဝင်လျက်ရှိကြောင်း၊ ၎င်းထုတ်ကုန်များ တင်ပို့မှုသည်  ယခင် နှစ်ကထက် ၃၁% ရာခိုင်နှုန်း မြင့်တက်လျက် ဒေါ်လာ ၇၅ သန်းရရှိခဲ့ကြောင်း သိရှိရသည်။

Source: The Korea Times