Main menu

 ပြည်ပသို့ ထွက်ခွာရန် တာဆူနေသည့် ရွှေရှင်းပျားလိမ္မော်သီး

Powered by Drupal

                 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဖန်မင်အုပ်စု၊ ဝမ်ကောကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင် GAP-Good Agriculture Practices စနစ်ဖြင့် (သီးနှံများစတင် စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှစ၍ စားသုံးသူများ လက်ဝယ်ရောက်ရှိသည် အထိ စိုက်ပျိုးထုတ်လုပ်မှုအဆင့်တိုင်းကို သီးနှံများ၌ ဓာတုဆေးများ၊ ကူးစက်မှုများစသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်း) စိုက်ပျိုးထား ရှိသော ပျားလိမ္မော်ဧက(၅၀၀)ကျော်ပိုင်ဆိုင်သော ရွှေရှင်းပျားလိမ္မာ်ခြံ၏ စိုက်ဧက၊ သွင်းအားစု၊ သီးနှံထွက်ရှိမှုအခြေအနေနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား သိရှိနိုင်ပါရန် ရွှေရှင်းပျား လိမ္မော်ခြံ လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

                ပျားလိမ္မော်သည် အေး၍ စိုစွတ်သော ရာသီဥတုကို နှစ်သက်၍ ရေသွင်းစိုက်ပျိုးရသော သီးနှံအမျိုးအစားဖြစ်သော်လည်း ရေဝပ်မှုဒဏ်ကိုမခံနိုင်သော အပင်မျိုးဖြစ်ပါသည်။ လေဝင် လေထွက်ကောင်းရန်အတွက် ပင်ခြားတန်းခြား (၉'×၁၈') ခြား၍ စိုက်ပျိုးရသော အပင်မျိုး ဖြစ်ပြီး တစ်နှစ်သားအောက်အပင်များကို သဘာဝမြေဩဇာဖြစ်သော နွားချေးကို(၃)လတစ်ကြိမ် ထည့်သွင်း ပေးရပါသည်။ အပင်သုံးနှစ်သားအရွယ်မှသာ အသီးစတင်ခူးစွတ်ပြီး အသီးမခူးစွတ်မီ(၃)ပတ်အလို တွင် ပိုးသတ်ဆေးပက်ဖြန်းခြင်း မပြုလုပ်တော့ကြောင်း သိရှိရပါသည်။

              အသီးခူးစွတ်ချိန်မှာ ဒီဇင်ဘာလမှ မတ်လအထိဖြစ်ပြီး အသီးခူးစွတ်ရာတွင် အသီးအတွဲလိုက် ရှိသော အကိုင်းအခက်များကို ကတ်ကြေးဖြင့် ဖြတ်တောက်ပြီးနောက် အသီးတစ်လုံးခြင်းစီ ဖြစ်အောင် ပြန်လည်ဖြတ်တောက်ကာ ၎င်းအသီးများကို သန့်ရှင်းအောင်ပြုလုပ် ထုပ်ပိုးကြပါသည်။ ပျားလိမ္မော် တစ်ပင်လျှင် အထွက်နှုန်းကီလို (၅၀) မှ (၆၀)အထိ ထွက်ရှိကြောင်း ယခုနှစ်တွင် တစ်ကီလိုဈေးနှုန်းမှာ ကျပ်(၂၅၀၀) မှ ကျပ်(၃၀၀၀)အထိ ပေါက်ဈေးရှိပြီး ယခင်နှစ် တစ်ကီလို ဈေးနှုန်းမှာ ကျပ်(၂၀၀၀)မှ ကျပ်(၃၀၀၀)အထိ ရှိသဖြင့် ဈေးပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

                 ရွှေရှင်းပျားလိမ္မော်ခြံအနေဖြင့် ဒေသအတွင်းဖြစ်သော ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်များရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ပြည်မ (ရန်ကုန်-မန္တလေး)မြို့ များသို့ တင်ပို့ရန်ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးကွာဝေးခြင်းနှင့် သယ်ယူစရိတ်ကြီးမြင့် ခြင်းစသည့်အခက်အခဲများကြောင့် နယ်စပ်ဒေသဖြစ်သည့်အလျောက် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ ရန်သာ အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသို့ ပျားလိမ္မော် တန်ချိန် (၁၀၅၆)တန် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဒေသအတွင်းစားသုံးရန်အတွက်သာ ဖြန့်ဖြူးရောင်းချနိုင်ပါသည်။ ထိုင်းနိုင်ငံမှ ဝယ်ယူမည်ဆိုပါက လက်ရှိတွင် တန်ချိန်(၂၀၀)ခန့်တင်ပို့နိုင်ရန် အဆင်သင့်ရှိ ကြောင်းသိရှိရပါသည်။

          ရွှေရှင်းပျားလိမ္မော်ကို ယခုနှစ်တွင် ယခင်နှစ်ကဲ့သို့ ပြင်ပတင်ပို့ရန် နှောင့်နှေးကြန့်ကြာနေရ ခြင်းမှာ ထိုင်းနိုင်ငံအနေဖြင့် ၎င်းနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် ပျားလိမ္မော်များကိုသာ အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး နိုင်ငံအတွင်းဖြန့်ဖြူးရောင်းချရန် မလုံလောက်သည့် အခြေအနေမှသာ တင်သွင်းခွင့်ကို လက်ခံဆောင်ရွက်မည်ဖြစ်ခြင်း၊ ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကဓာတ်ခွဲခန်းထောက်ခံချက်ရ မှသာ တင်သွင်းခွင့်ပြုသည့်အတွက် ထောက်ခံချက်ရရှိရန်ခက်ခဲခြင်း၊ ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါဖြစ်ပွားလျက်ရှိခြင်းတို့ကြောင့် ရွှေရှင်းပျားလိမ္မော်အနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် အဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)