မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ (၄-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်သူအကျိုးပြုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှေးဦးစွာ အုံမြားကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားနှင့်ပတ်သက်၍ ILO ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ခုနှစ်) ပြဋ္ဌာန်းချက်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ရေးကျေးရွာ၊ နေအိမ်များအား ကွင်းဆင်းကြည့်ရှုခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာတွင်ရှိသော ကုန်မျိုးစုံဆိုင်များသို့သွားရောက်ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မကွေး)