ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာတိုင်းရင်ဆေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ တမံကြီးကျေးရွာရှိ အ.ထ.က (ခွဲ) စာသင်ကျောင်း၌လည်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့်အချက်များ၊ စားသုံးသူများအမှန်တကယ် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် စားသောက်ကုန်များ ကိုသာ ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲကြရန်၊ ဆိုးဆေးအများအပြားသုံးစွဲထားသော အစားအသောက်များကို အားပေးဝယ်ယူသုံးစွဲခြင်းများမပြုလုပ်ကြရန်၊ ဈေးကွက်အတွင်း တရားမဝင်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများကို မိမိတို့၏ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်လက်၍ မြန်မာတိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးများကို အဆင့်မြှင့်တင်နိုင်ရေးအတွက် လမ်းညွှန်မှာကြားထားကြောင်း၊ ယခုအချိန်တွင်မိမိတို့ဌာနအနေဖြင့် အရည်အသွေးမြင့်တိုင်းရင်းဆေးများကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးကလည်း ပြည်သူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့် စာအုပ်မိတ်ဆက်ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ အပြင်စာအုပ်များငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် စာပေများကို အဆက်မပြတ်လေ့လာဖတ်ရှုကြရန်နှင့် စာအုပ်၊ စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိလာပြီး ဘေးကင်းလုံခြုံစိတ်ချရသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်နိုင်မည်ဖြစ်သောကြောင့် မိမိတို့ဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်းလုပ်ငန်းအစီအစဉ်ကိုလည်း စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)