Main menu

ကုန်သည်များလက်ဝယ်၌ သိုလှောင်ခွင့်ရှိသော ဂျုံပမာဏ အိန္ဒိယအစိုးရ လျှော့ချကန့်သတ်

Powered by Drupal

    အိန္ဒိယပြည်တွင်း ဈေးကွက်အတွင်း ဂျုံဝယ်ယူရရှိလွယ်မှုကို တိုးတက်စေရန်နှင့် ဂျုံဈေးနှုန်း များကို သင့်တင့်မျှတစေရန်အတွက် ကုန်သည်များ၊ ပြုပြင်ထုတ်လုပ်သူများနှင့် လက်လီရောင်းချ သူများ လက်ဝယ်၌ သိုလှောင်ခွင့်ရှိသော ဂျုံပမာဏကို လျှော့ချကန့်သတ်လိုက်ကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီးဌာနက ၈-၂-၂၀၂၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

    ကုန်သည်များ၊ လက်ကားရောင်းချသူများနှင့် အကြီးစားလက်လီရောင်းချသူများ၏ လက် ဝယ်၌ ယခင် သိုလှောင်ခွင့်ပြုထားသည့် ဂျုံပမာဏမှာ တန်ချိန် ၁ဝဝဝ ရှိရာမှ ယခုတန်ချိန် ၅ဝဝ သို့လည်းကောင်း၊ ပြုပြင်ထုတ်လုပ်သူများ အနေဖြင့် ယခင်က တပ်ဆင်ထားရှိသော စက်စွမ်းအား အလိုက် လစဉ်ကြိတ်ခွဲနိုင်စွမ်း၏ ၇၀% ကို သိုလှောင်ခွင့်ရှိရာမှ ယခု ၆ဝ% သို့လျှော့ချလျက် ၂ဝ၂၄ ခုနှစ် ဧပြီလအထိ ကျန်ရှိသောလများနှင့် ဆတူမြှောက်ထားသည့် ပမာဏအထိလည်းကောင်း အသီးသီး လျှော့ချ သိုလှောင်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ၂ဝ၂၂ ခုနှစ် မေလတွင် အပူလှိုင်းရိုက်ခတ်မှုကြောင့် အထွက်နှုန်းလျော့ကျပြီး ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ဂျုံတင်ပို့မှု ကို ကန့်သတ်ခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ်တွင်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဂျုံထွက်ရှိမှု ပမာဏထိခိုက်ခဲ့ပြီး အိန္ဒိယအစိုးရက ဂျုံတင်ပို့မှုကို ဆက်လက်၍ တားမြစ်ပိတ်ပင်ခဲ့ပါသည်။

    ဂျုံတင်ပို့မှုကန့်သတ်ထားသည့်ကြားမှ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသဖြင့် စားနပ် ရိက္ခာဝန်ကြီးဌာနသည် ဂျုံရိတ်သိမ်းရာသီ၌ပင် အရန်သိုလှောင်ထားသောဂျုံများအား ဈေးကွက် အတွင်းသို့ ထုတ်ရောင်းပေးခြင်းကို လက်ရှိအချိန်ကာလအထိ လုပ်ဆောင်လျက်ရှိပါသည်။ ယခု နှစ်၌ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသည့် အိန္ဒိယအစိုးရအနေဖြင့် ပြည်သူများနှင့် ရင်ဆိုင် ရမည်ဖြစ်သောကြောင့် စားသောက်ကုန် ဈေးနှုန်းများအပါအဝင် အထွေထွေဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

    အစိုးရသည် Bharat Atta တံဆိပ်အမှတ်အသားဖြင့် ဗဟိုသမဝါယမအဖွဲ့အစည်းများဖြစ် ကြသည့် NAFED ၊ NCCF နှင့် Kendriya Bhandar တို့မှတစ်ဆင့် လက်လီဈေးကွက်သို့ ဂျုံများကို ၁ ကီလိုဂရမ်လျှင် ၂၇.၅ဝ ရူပီးနှုန်းဖြင့် အထောက်အပံ့ပေး၍ ရောင်းချပေးလျက်ရှိပါသည်။ ဈေးနှုန်း များမြင့်တက်သည့်ဒေသများကို ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်သဖြင့် အစိုးရအေဂျင်စီများသည် အဆိုပါ ဒေသများသို့ ဂျုံများကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဂျုံတန်ချိန် ၇.၅ သိန်းအား Bharat Atta တံဆိပ်အမှတ်အသားဖြင့် ဂျုံမှုန့်အဖြစ်သို့ ထုတ်လုပ်၍ ရောင်းချသွားမည်ဖြစ်ကြောင်း စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြထားပါသည်။

    ပန်ဂျပ်၊ ဟာရီယာနာနှင့် မဒ္ဒရာပရာ‌ဒေ့ရှ် ပြည်နယ်များတွင် ဂျုံအထွက်တိုးတက်မည်ဟု မျှော်မှန်းချက်နှင့်အတူ ယခုနှစ်တွင် ဂျုံတန်ချိန် ၁၁၄ သန်းအထိ စံချိန်တင် ထွက်ရှိနိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။

Source: Economic Times, 8 February, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)