နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သော ပဲမျိုးစုံကိုလည်းစိုက်ပျိုးလျက်ရှိသည့်အနက် မတ်ပဲနှင့်ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်၌ မတ်ပဲစိုက်ဧက (၁၈၉၉၇)ဧကနှင့် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၅၄၄)ဧကစိုက်ပျိုးခဲ့ပြီး (၁၅-၂-၂၀၂၄) ရက်နေ့အထိ မတ်ပဲ (၁၄၂၃၇) ဧကရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် (၂၆.၈၉)တင်းခန့်ထွက်ရှိပြီး ပဲတီစိမ်း (၁၅၈၄၅) ဧကရိတ်သိမ်းပြီးစီးမှု၌ တစ်ဧကအထွက်တင်းမှာ (၂၄.၁၂) တင်းခန့်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။
မြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများသည် မတ်ပဲမျိုးသန့် tbl-9 ရေဆင်း ၁-၂၊ ပဲကန်စွန်း၊ လျှာပါးစပ်၊ ရိုးနီမျိုးများနှင့် ပဲတီစိမ်းများစိုက်ပျိုးရာတွင် ဝါးခယ်မမျိုး၊ ပဲစိမ်းမျိုးများကိုအသုံးပြုကြပါသည်။ ယခင်၂၀၂၃ခုနှစ်၊ ဖေဖေါ်ဝါရီလ မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် (၆၀၀၀၀-၆၁၅၀၀)ကျပ်၊ ပဲတီစိမ်းဈေးနှုန်းမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၅၀၀၀၀-၅၇၅၀၀)ကျပ်ပေါက်ဈေးရှိခဲ့ပြီး ယခု၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်ကာလတူ မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၉၅၀၀၀-၁၁၀၀၀၀) ကျပ်၊ ပဲတီစိမ်းဈေးနှုန်းမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၇၃၀၀၀-၈၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအတက်အကျရှိနေပြီး ရန်ကုန်ဝယ်လက်များသို့ တင်ပို့ရောင်းချနေကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)