Main menu

ခိုင်မာသည့်ဈေးကွက်တစ်ခုဖြစ်လာသည့် ဟန်းမိတ်သိုးမွှေးချည်ထည်များ

Powered by Drupal

             သိုးမွှေးထိုးခြင်းလက်မှုပညာဟာ လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာက ထွန်းကားလာတဲ့ လက်မှုပညာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာလည်းထင်ရှားတဲ့ လက်မှုပညာ (Hand Made)တစ်ခုဖြစ်ပါသည်။ သိုးမွှေးထိုးခြင်းလက်မှုပညာကို အမျိုးသမီးမှမဟုတ်ပဲ အချို့ အမျိုးသားများပါ စိတ်ပါဝင်စားစွာလုပ်ကိုင်ကြတာကိုလဲ တွေ့ရှိရပါသည်။ သိုးမွှေးထိုးခြင်းဆိုတာ အရမ်းလှပတဲ့ လက်မှုပညာတစ်ခုလဲဖြစ်ပါသည်။ အချိန်ရယ်၊ ပင်ပန်းမှုရယ်၊ ပညာရယ်၊ ကျွမ်းကျင်မှုရယ်၊ စေတနာရယ်ပေါင်းပြီးဖန်တီးပြုလုပ်ရတဲ့ လက်မှုပညာတစ်ခုအဖြစ် တင်စားချင်ပါသည်။ ၎င်းလက်မှုပညာဟာ ဘယ်တော့မှ တိမ်ကောသွားခြင်းမရှိတဲ့ လက်မှုပညာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံတွေမှာရှိတဲ့ လူတော်တော်များများဟာ လက်တစ်စုံနဲ့ဖန်တီးပြုလုပ်ထားတဲ့ သိုးမွှေးထည် (Hand Made)များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြလို့ ရယ်ဒီမိတ်အထည်များထက် ဟန်းမိတ်အထည်များက ဈေးကောင်းပိုရကြပါသည်။

              လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ခေတ်ကာလ၊ ခေတ်ရေစီးတွေ ပြောင်းလဲလာတဲ့ကာလတစ်ခုမှာ ရယ်ဒီမိတ်ပစ္စည်းများရဲ့ လွှမ်းမိုးမှုကိုခံရတဲ့လို့ သိုးမွှေးထိုးခြင်းလက်မှုပညာမှာ မှေးမှိန်သွားခဲ့ပါသည်။ ခုချိန်မှာသိုးမွှေးထိုးခြင်းလက်မှုပညာမှာ တစ်ဖန်ပြန်လည်ခေတ်စားလာခဲ့ပါသည်။ ယခုလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း လုပ်ငန်းလည်ပတ်မှုများ ခေတ္တရပ်နားထားရချိန်မှာ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သိုးမွှေးထိုးခြင်းလက်မှုပညာလုပ်ကိုင်သူများ များပြားလာခဲ့ပါသည်။ ယခင်ကသိုးမွှေးထည်(ဟန်းမိတ်) ကိုင် အေးတဲ့ဒေသတွေဖြစ်တဲ့ တောင်ကြီး၊ ပြင်ဦးလွင်စတဲ့ဒေသတွေမှာသာရနိုင်ပြီး ယခုအချိန်မှာတော့ သိုးမွှေးချည်ထည်များဖြင့် ဖန်တီးပြုလုပ်ထားတဲ့ ဟန်းမိတ်သီးသန့်သာရောင်းချတဲ့ ဆိုင်များပေါ်ထွက်လာခဲ့သလို ခေတ်စနစ်ရဲ့နည်းပညာအရ Online မှ တဆင့် မိမိလိုချင်တဲ့ သိုးမွှေးထည်(ဟန်းမိတ်)တွေကို မိမိ စိတ်ကြိုက်မှာယူဝယ်ယူနိုင်ပါတယ်၊ သိုးမွှေးထိုးခြင်း လက်မှုပညာမှာ အင်္ကျီတစ်ခုတည်းမဟုတ်ပဲ ခြုံထည်(သဘက်)၊ အိတ်၊ ပုဝါ၊ ဦးထုပ်၊ ဖိနပ်၊ အိမ်အလှဆင်ပစ္စည်း၊ ကလစ်၊ ခေါင်းစည်းကြိုး၊ အရုပ်စသည်ဖြင့်အမျိုးမျိုး လိုအပ်သလိုဖန်တီးထားတဲ့ အထည်၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူလို့ရပါသည်။ သိုးမွှေးချည်ထည်များဖြင့် အဝတ်အထည်၊ အသုံးအဆောင်ဖန်တီးတဲ့အခါမှာ ကုန်ကြမ်းဖြစ်တဲ့သိုးမွှေး၊ ယုန်မွှေးများမှာ အမျိုးအစားအများကြီးရှိတာကြောင့် အင်္ကျီတစ်ထည်လျှင် အသုံးပြုရတဲ့ချည်၊ ဖန်တီးပြုလုပ်ရတဲ့ အနုစိတ်ပညာပေါ်မူတည်ပြီး အင်္ကျီတစ်ထည်လျှင် မြန်မာ ကျပ်ငွေသောင်းဂဏန်းမှ သိန်းဂဏန်းထိဈေးရရှိပါသည်။ အိတ်တစ်လုံးလျှင် ပုံစံ၊ ဒီဇိုင်း၊ အသုံးပြုတဲ့ ချည်ပေါ်မူတည်ပြီး  တစ်လုံးလျှင်(၁၅၀၀ဝိ/- မှ ၇၀၀၀ဝိ/- ၊ ၈၀၀၀ဝိ/-)ထိ ရရှိပါသည်။ ဖိနပ်တစ်ရံလျှင် ပုံစံ၊ ဒီဇိုင်းအလိုက် တစ်ရံလျှင် (၈၀၀ဝိ/- မှ ၁၅၀၀ဝိ/-)ထိဈေးရှိပါသည်။ အမျိုးသမီးသုံး အလှဆင်ပစ္စည်းများဖြစ်တဲ့ ကလစ်၊ ခေါင်းစီးကြိုးများမှာလည်း တစ်ခုလျှင် အမျိုးအစားအလိုက် (၁၀၀ဝိ/- မှ ၅၀၀ဝိ/-) ထိဈေးရှိပါသည်။

              ချည်ထိုးခြင်းပညာမှာ သိမ်မွေ့တဲ့လက်မှုပညာဖြစ်သလို လက်တစ်စုံတည်းနဲ့ ဖန်တီးပြုလုပ်ရတဲ့အနုစိတ် အနုပညာတစ်ခုလဲဖြစ်ပါတယ်။ ယခုအခါမှာ အဲ့သည့်လိုအနုပညာဆန်တဲ့ချည်ထည် ပစ္စည်းတွေကို အမြတ်တနိုးတန်ဖိုးထားပြီး ဝယ်ယူတဲ့သူတွေပြန်လည်များပြားလာတာကြောင့် ချည်ထိုးခြင်းလက်မှုပညာလုပ်ငန်းမှာ စက်မှုသို့ပြောင်းခဲ့သည့် တခြားလုပ်ငန်းများနည်းတူ ယခုအခါ ကြီးကျယ်သည့်လုပ်ငန်းကြီးတစ်ခု ဖြစ်လာနေတာကြောင့် လက်တစ်စုံနဲ့ဖန်တီးပြုလုပ်တဲ့ ချည်ထည် (ဟန်းမိတ်)များက ရောင်းတန်းဝင်သည့်ပစ္စည်းများဖြစ်လာနေပြီး မြန်မာနိုင်ငံရဲ့ဈေးကွက်မှာလည်း ခိုင်မာတဲ့ဈေးကွက်တစ်ခု ဖြစ်လာလျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်