Main menu

ကျေးလက်နေပြည်သူများတဖက်တလမ်းမှဝင်ငွေရရှိနေသောတံမြက်စည်းမွှေး

Powered by Drupal

       မြန်မာနိုင်ငံသည် သစ်တောထွက် သံယံဇာတများစွာထွက်ရှိသော နိုင်ငံဖြစ်သည်။ အဖိုးတန် သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိသကဲ့သို့ လူတို့၏ ပတ်ဝန်ကျင်သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေးအတွက် အသုံးပြုကြသော တံမြက်စည်းမှာလည်း မြန်မာ့သစ်တောများမှ ထွက်ရှိပါသည်။ တံမြက်စည်းပင်များကို မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသများဖြစ်သော မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်၊  တာလေမြို့နယ်များရှိ သစ်တောများတွင် နေရာကွက်ကြား အလေ့ကျပေါက်နေကြသည်ကို တွေ့ရှိရသည်။

          တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသသစ်တောများတွင် နေရာကွက်ကြား အလေ့ကျ ပေါက်ရောက်ကာ ကျူပင်နှင့်တူပြီး အရွက်ရှည်၍ မြစ်ပွားပင်မျိုးဖြစ်သည်။ ၎င်းအပင်သည် မိုးရာသီ တွင် အပင်ကြီးထွားပြီး ဆောင်းရာသီ၌ အပွင့်ခိုင်များ ပွင့်ကြသည်။ တံမြက်စည်းပင်များကို အပွင့်ခိုင် စုံချိန်ဖြစ်သော ဖေဖော်ဝါရီလမှ မတ်လအတွင်း ခုတ်ယူကြရသည်။

         အလေ့ကျပေါက်နေသော တံမြက်စည်းပင်များကို ကျေးလက်နေပြည်သူများမှ ရှာဖွေခုတ် ယူကြသကဲ့သို့ တောင်ယာပြန်ချိန်များတွင်လည်း တစ်ပိုင်တစ်နိုင် ခုတ်ယူသယ်ဆောင်လာကြသည်။ တစ်နေ့လျှင် လူတစ်ဦးသည် တံမြက်စည်းပွင့်ခိုင်အစို ကီလို(၃၀)မှ ကီလို(၅၀)ခန့်အထိ ရှာဖွေခုတ်ယူရရှိကြသည်။ ခုတ်ယူရရှိလာသော တံမြက်စည်းပွင့်ခိုင်များကို တစ်ရက်၊ နှစ်ရက်ခန့် နေလှန်းပြီး ပွင့်ဖတ်၊ ပွင့်ခိုင်များကြွေကျအောင် ရိုက်ခါပြီး နှီးဖြင့် အစည်းက​လေးများစည်းကာ အဝယ်ဒိုင်သို့ သွားရောက်ရောင်းချကြသည်။ တံမြက်စည်းပင်အရွက်ကို ရိုးရာဓလေ့အလှူအတန်း ပွဲတော်များတွင် ကောက်ညှင်းထုပ်ပြုလုပ်ရာ၌ အောက်ခံဖက်အဖြစ် အသုံးပြုကြသည်။  အချို့ သောသူများသည် တံမြက်စည်းမွှေးများကို တံမြက်စည်းအဖြစ် ကိုယ်တိုင်ယက်လုပ်ကာ ရောင်းချကြသည်။ တံမြက်စည်းတစ်ချောင်းလျှင်  (၁၀၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိရောင်းချကြသည်။

        တံမြက်စည်းပွင့်ခိုင်အစို (၁၀)ကီလိုကို ကွင်းပြင်တွင် တစ်ရက်၊ နှစ်ရက်ခန့် နေလှန်းပြီး   ရိုက်ခါလိုက်လျှင် ရောင်းတန်းဝင် တံမြက်စည်းမွှေး  (၄)ကီလိုမှ (၅)ကီလိုခန့် ရရှိပါသည်။ ယခင်နှစ်က တာချီလိတ်အဝယ်ဒိုင်တွင် တံမြက်စည်းမွှေး တစ်ကီလိုလျှင် ကျပ်(၁၀၀၀)မှ ကျပ် (၂၀၀၀)ထိ ဈေးပေးဝယ်ခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုလျှင် ကျပ်(၁၅၀၀)မှ စတင်၍ ဈေးပေးဝယ်ယူနေပါသည်။

       တံမြက်စည်းမွှေးကို ထိုင်းနိုင်ငံမှအဓိကဝယ်ယူပြီး လူသုံးကုန်နှင့်စက်မှုကုန်ကြမ်း ပြုလုပ်သည်ဟု သိရပါသည်။ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)မှ ထိုင်းနိုင်ငံသို့    တံမြက်စည်းမွှေး တန်ချိန်(၄၂၀.၁၆၉)ခန့် တင်ပို့ခဲ့ပြီး နိုင်ငံခြားငွေဒေါ်လာ    (၁၂၀၅၅၉.၄၉) ရရှိခဲ့ပါသည်။ ယခုနှစ်တွင် တာချီလိတ်အဝယ်ဒိုင်များမှ တံမြက်စည်းမွှေးများကို ဈေးကောင်းပေး၍ ဝယ်ယူနေပြီး ထိုင်းနိုင်ငံသို့တင်ပို့ရန် ဆောင်ရွက်နေပါသည်။

        သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျေးလက်နေပြည်သူများသည် အရင်းအနှီးစိုက် ထုတ်ရန်မလိုပဲ တောတောင်များမှ သဘာဝအလျှောက်ပေးစွမ်းသော တံမြက်စည်းပင်များကို ခုတ် ယူရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိနေပါသည်။ ထိုကြောင့် မြန်မာ့သစ်တောများမှ ထွက်ရှိသော အဖိုးတန်တံမြက်စည်းပင်များကို ခုတ်ယူရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ တဖက်တလမ်းမှ အပိုဝင်ငွေရရှိကာ အဆင်ပြေနေသကဲ့သို့ နိုင်ငံတော်အတွက် ပြည်ပပို့ကုန်အမယ်တစ်မျိုးတိုး၍ နိုင်ငံခြားငွေတဖက်တလမ်းမှ ရှာဖွေပေးနေသော လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်