Main menu

ဆိပ်ဖြူကြက်သွန်နီ၏ ဖေဖော်ဝါရီလ(တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများမှ ကုန်စည်ဒိုင်ဈေးကွက်သို့ မိုးကြက်သွန်နီများ ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃)သောင်းမှ (၅)သောင်းအထိဖြစ်ပြီး တစ်ပတ်အတွင်း ပိဿာ(၂)သိန်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)ထက် ကြက်သွန်နီကုန်ချိန်ပိဿာအဝင် လျော့နည်းသွားကြောင်း၊ မိုးကြက်သွန်နီများ တူးဖော်ရာသီကုန်ဆုံးချိန်နီး၍ ကုန်ဝင်နည်းကြောင်း ဈေးကွက်မှသိရှိရသည်။

      ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ထိပ်စ ကျပ်(၂၂၂၅)၊ အလတ်စ ကျပ်(၂၀၅၀)၊ အနိမ့်စ ကျပ်(၁၆၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စ ကျပ်(၁၈၇၅)၊ အနိမ့်စ ကျပ်(၁၄၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဖေဖော်ဝါရီလ (တတိယပတ်)တွင် မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးနှုန်းမှာ ထိပ်စ ကျပ်(၁၂၅)၊ အလတ်စ ကျပ်(၁၇၅)ခန့်၊ အသေးစ ကျပ်(၂၀၀)ခန့်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပဝယ်လိုအားဈေးကွက်များခြင်းနှင့် ဒေသတွင်းမိုးကြက်သွန်နီ(အသစ်)များ ကုန်လက်ကျန်နည်းခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။ 

     ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၃)သိန်း ခန့်၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)