Main menu

မွန်ပြည်နယ်မှ စားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းပေးနိုင်ခဲ့မှုအကြောင်း တစေ့တစောင်း

Powered by Drupal

          စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ စားသုံးသူများသည် စားသုံးသူအခွင့်အရေးကို သိရှိပြီး ဌာနနှင့်ပူးပေါင်း ဆောင်ရွက်လာသည်မှာလည်း ကျေနပ်စရာပင်ဖြစ်သည်။ စားသုံးသူကာကွယ်ရေးဥပဒေမှ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူများ၏ အခြေခံလိုအပ်ချက်များပေါ် တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သော သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ၊ အထောက်အထားရယူခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်ခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်သည်။ စားသုံးသူတို့က စားသုံးသူအခွင့်အရေး များကို သိရှိပြီး ယခုအချိန်တွင် စားသုံးသူအခွင့်အရေးများကို ရယူသုံးစွဲလာသည်ကို တွေ့ရှိရသည်။

          စားသုံးသူအခွင့်အရေးများကို ရယူသုံးစွဲသည့် စားသုံးသူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုမခံရစေရန် ဥပဒေအရ ကာကွယ်ရေး ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူများ အမှန်တကယ် နစ်နာဆုံးရှုံးမှု နှင့် ကြုံတွေ့လာလျှင်လည်း ကူညီဖြေရှင်းပေးနိုင်ရန်အသင့်ရှိပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကို မေးမြန်းလိုပါကလည်း ဆက်သွယ်မေးမြန်းနိုင်သည်။

       စားသုံးသူအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှု ကြုံတွေ့ရပါက နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့် နှင့် တိုင်ကြားခွင့်ရရှိနိုင်ခြင်းအား သိရှိပြီး လုပ်ဆောင်လာသည်ကိုလည်းတွေ့ရှိရသည့်။ တိုင်ကြားမှု အမျိုးမျိုးဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသည်ကိုလည်း တွေ့ရှိရပြန်သည်။

        တိုင်ကြားသူများမှာကုန်စည်နှင့်ပတ်သက်သော တိုင်ကြားခြင်းကိုလည်းကောင်း၊ ဝန်ဆောင်မှုနှင့်ပတ်သက်သော တိုင်ကြားခြင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် တိုင်ကြားလာခြင်း၊ တိုင်ကြားမှုအားစိစစ်၍ ဖြေရှင်းဆောင်ရွက်ရေးတို့ကို နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တာဝန်ခံများက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြသည်။

        တိုင်ကြားမှုပြုလုပ်ရန် အမှန်တကယ်လိုအပ်လာလျှင် တိုင်ကြားမှုအကြောင်းအား သိရှိရ ပါမည်၊ အကျဉ်းချုပ်ဖော်ပြရလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ ပုဂ္ဂိုလ်ရေးရာ၊ မိသားစု သို့မဟုတ် အိမ်ထောင်စုအတွက် ရည်ရွယ်ချက်ဖြင့် ဝယ်ယူသုံးစွဲသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများ သို့မဟုတ် ယင်းရည်ရွယ်ချက်ဖြင့် လုပ်ဆောင် သည့် ကြော်ငြာ၊ရောင်းချရန်ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့နှင့်ပတ်သက်သည့် တိုင်ကြား မှုများကိုသာ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

        တိုင်ကြားမှုနှင့် ဆက်နွယ်မှုမရှိသော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များနှင့်ငွေရေးငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို ချန်လှပ်ထားနိုင်ပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနက ဖုန်း(သို့မဟုတ်)Email ဖြင့် ဆက်သွယ်မှုများကို တိုင်ကြားသူမှ ပြန်လည်ဖြေကြားပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် တိုင်ကြားမှုများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။  တိုင်ကြားစာပုံစံတွင် တိုင်ကြားသူ၏ အချက်အလက်၊ စီးပွားရေးလုပ်ငန်းရှင်အချက်အလက်များနှင့် တိုင်ကြားစာဖော်ပြချက်တို့ကို ဖြည့်သွင်းရန် တိုင်ကြားသည့် လူကြီးမင်း၏ လက်မှတ်နှင့်တိုင်ကြားသော နေ့ရက်ပါရှိရပါမည်။

          စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင် တိုင်ကြားမှုအရေအတွက် ၂၀၂၀ပြည့်နှစ် အတွင်း ၃၀ခု၊ ၂၀၂၁ခုနှစ်အတွင်း ၁၃ခုတို့ကို Covid-19 စည်းကမ်းနှင့်အညီ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

          တိုင်ကြားမှုအမျိုးအမည်များကို ခွဲခြားစိတ်ဖြာလျှင် ကုန်စည် အမျိုးအစားနှင့်ဝန်ဆောင်မှု အမျိုးအစား တိုင်ကြားစာများဖြစ်ပါသည်။ကုန်စည်အမျိုးအစားအားဖြင့် အစားအသောက်၊ ဆေးဝါး၊ အိမ်သုံး၊ လျှပ်စစ်ပစ္စည်းကိုလည်းကောင်း၊ လူသုံးကုန်ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ စိုက်ပျိုးရေးသုံးပစ္စည်းကိုလည်းကောင်း ဝန်ဆောင်မှုအမျိုးအစားတွင် Broadcasting ၊ ကြော်ငြာ၊ ပညာရေး၊ ကျန်းမာရေး၊ ရောင်းချပြီးနောက် အာမခံပေးအပ်ခြင်း၊ ဆက်သွယ်ရေး၊ ခရီးသည်၊ ကုန်စည်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ငွေရေးကြေးရေး၊ E-commerce တိုင်ကြားမှုတို့ဖြစ်ကြသည်။

     တိုင်ကြားသူများမှာ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)၏ ညှိနှိုင်းဆောင်ရွက်ပေးမှုအပေါ် အောင်မြင်စွာ ဖြေရှင်းပေးနိုင်မှုတို့ကို တိုင်ကြားသူတို့က စိတ်ကျေနပ်မှုရရှိခြင်း၊ ကျေးဇူးတင်ခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှုကို ပိုမိုအလေးထားလာခြင်း စားသုံးသူရေးရာကိစ္စရပ်များကိုလည်း ပိုမိုစိတ်ဝင်တစားရှိလာခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများကလည်း စားသုံးသူများအတွက် အမြဲမပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်