Main menu

(မိုး)နေကြာများ ရိတ်သိမ်းပြီး(ဆောင်း) နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပြောင်း၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက်မှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ​နေကြာ(မိုး)ကို (၇၁၂၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၃၀.၄၅)တင်းခန့်ထွက်ရှိပြီး အထွက်စုစုပေါင်း (၂၁၇၀၄၇၆)တင်း ထွက်ရှိပါသည် ။ ဆောင်းနေကြာကို  မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်မြေ ၊ ယာမြေများ၌ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ထွက်ရှိမည်ဖြစ်ပါသည် ။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာကို ကျောက်ဆည်မြို့နယ် တွင်(၄၄၄၂)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၃၁၃၈)ဧက၊မြစ်သားမြို့နယ်တွင်(၅၀)ဧက၊ တံတားဦးမြို့နယ် တွင်(၉၃၉၆)ဧက၊စုစုပေါင်း(၁၇၀၂၆)ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။(ဆောင်း)နေကြာကို အခြားသီးနှံများဖြစ်သည့် ကုလားပဲ၊နှမ်း၊ပဲတီစိမ်းတို့နှင့် သီးညှပ်အဖြစ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်းကိုလည်း သီးသန့်စိုက်ပျိုးကြပါသည် ။ သီးသန့်စိုက်ပျိုးရာတွင် ပင်ခြား ၊ တန်းခြားစနစ်ဖြင့် စိုက်ပျိုးကြပြီး ဆောင်းနေကြာ တစ်ဧကလျှင်မျိုးစေ့မှာ (၃ - ၄)ပြည်ခန့်ကုန်ကျကြောင်း ၊ မျိုးစေ့စျေးနှုန်းအနေဖြင့် (၁)ပြည်လျှင် (၄၅၀၀ - ၅၀၀၀)ကျပ်ခန့် စျေးနှုန်းပေးရကြောင်း၊ နေကြာမျိုးများဖြစ်သော ဆင်းရွှေကြာ-၂ ၊ရေဆင်းစပ်မျိုးနေကြာ-၁မျိုးများ ကိုအဓိကထား အများဆုံးစိုက်ပျိုးကြပြီး အပင်သက်တမ်းမှာ (၃)လသာကြာမြင့်ကြောင်း သိရှိရပါသည်။လက်ရှိစိုက်ပျိုးထားသော နေကြာသီးနှံများမှာ အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် နေကြာတစ်ဧကလျှင် မျိုး ၊ သွင်းအားစု ၊ လုပ်သမားခ စုစုပေါင်း (၂၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း သိရပါသည်။ နေကြာစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် (၁၂၅၀၀)ကျပ်စျေးရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၁၈၀၀၀)ကျပ် စျေးနှုန်းဖြစ်၍ ယခင်နှစ်ထက် စျေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာဆီကြိတ်ပြီးရောင်းချလျှင် နေကြာတစ်တင်းကြိတ်လျှင်အရည်အသွေးပေါ်မူတည်၍ ဆီ(၃-၄ ) ပိဿာခန့် နှင့် နေကြာဖက်(၅)ပိဿာခန့်ထွက်ရှိပြီး ကြိတ်ခအနေဖြင့် တစ်တင်းလျှင် (၁၀၀၀)ကျပ် ပေးရကြောင်း ၊ စျေးကွက်အတွင်းတွင် နေကြာဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ် နှင့် နေကြာဖက် (၁)ပိဿာလျှင်(၆၀၀)ကျပ်စျေးနှုန်များဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း နေကြာစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ နေကြာသီးနှံအား စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာခြင်း ၊ အထွက်နှုန်းများခြင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် များစွာအထောက်အကူဖြစ်သည့်အပြင် နေကြာဖတ်များမှာလည်း ကျွဲ၊နွားများအတွက် အစားအစာအဖြစ်အသုံးပြု၍ ရသောကြောင့် တွက်ခြေကိုက်သည့်သီးနှံဖြစ်၍ တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး