Main menu

ဆန်တန်ချိန် ၁.၆ သန်း အင်ဒိုနီးရှား ထပ်မံတိုးမြှင့်တင်သွင်းမည်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) ၏ စီမံခန့်ခွဲမှုဖြင့် အရန်ဆန်များ ဖြည့်တင်းနိုင်ရေးအတွက် ဆန်တန်ချိန် ၁.၆ သန်း ထပ်မံတင်သွင်းရန် အစိုးရအနေဖြင့် ပြင်ဆင်လျက်ရှိသည်ဟု အင်ဒိုနီးရှားအမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

    အရန်ဆန်ထားရှိရန် အမှန်တကယ်လိုအပ်ချက်မှာ တန်ချိန် ၃ သန်း ဖြစ်ပြီး Bulog တွင် အနည်းဆုံး ဆန်တန်ချိန် ၁.၂ သန်း ထားရှိနိုင်အောင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ထားကြောင်း Bapanas ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi က ဂျာကာတာရှိ သမ္မတအိမ်တော်၌ ဖေဖော်ဝါရီ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ရာတွင် ပြောကြားခဲ့ပါသည်။

    အစိုးရသည် နိုင်ငံတော်အရန်ရိက္ခာဆန်အတွက် ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ခွဲတမ်းချထားပြီး ၎င်းခွဲတမ်းအရ တင်သွင်းသည့်ဆန်သည် တန်ချိန် ၅ သိန်းသာ ရှိသေးကြောင်း၊ နိုင်ငံ၏ နေရာဒေသများစွာ၌ ရိတ်သိမ်း အခြောက်လှန်းပြီးသော စပါး ၁ ကီလိုဂရမ်လျှင် အင်ဒိုနီးရှားရူပီးငွေ ၈၀၀၀ မှ ၈၆၀၀ အတွင်းရှိသော ဈေးနှုန်းဖြင့် လယ်သမားများက ရောင်းချလျက်ရှိရာ လက်ရှိကာလတွင် ဆန်ဈေးနှုန်းသည်  ၁ ကီလိုဂရမ်လျှင် အင်ဒိုနီးရှားရူပီးငွေ ၁၆၀၀၀ (၁.၀၂ အမေရိကန် ဒေါ်လာ) အထက်၌ရှိကြောင်း Mr. Adi ၏ အဆိုအရ သိရပါသည်။

   အင်ဒိုနီးရှား အစိုးရသည် စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် စျေးနှုန်းတည်ငြိမ်ရေး အစီအစဉ်မှတစ်ဆင့် ပြည်သူလူထုထံသို့ ဆန်တန်ချိန် ၂၅၀၀၀၀ ကို အမြင့်ဆုံးလက်လီဈေးနှုန်း သတ်မှတ် ချက်ဖြင့် ရောင်းချပေးရန် Bulog အား တာဝန်ပေးအပ်ထားသည်။ ထို့အပြင် ၅ ကီလိုဂရမ်ဝင် ဆန်အိတ်များကို ထုပ်ပိုး၍ လက်လီအရောင်းဆိုင်များနှင့် သမားရိုးကျဈေးများသို့ အမြောက်အမြား ဖြန့်ဖြူးပေးရန် ဒေသအသီးသီးရှိ ဆန်စက်လုပ်ငန်းရှင်များအား အစိုးရကတိုက်တွန်းထားသည်။

Source: Vietnam Plus, 27 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)