Main menu

ကျိုင်းတုံမြို့၌ ဘိုစားပဲစိုက်ပျိုးမှုကွင်းဆင်းလေ့လာ

Powered by Drupal

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း စပါးရိတ်သိမ်းပြီးချိန်တွင် လယ်ကွက်များအား ထွန်ယက်ပြီး မီးဖိုချောင်သုံးအသီးအနှံများဖြစ်သည့် ကြက်သွန်၊ ဖရုံ၊ သခွား၊ နံနံ၊ မုန်ညှင်း၊ ပဲသီးအမျိုးမျိုး စသည့်ရာသီပေါ်သီးနှံမျိုးစုံကို အလေ့ကျ စိုက်ပျိုးကြပါသည်။ (၇.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျိုင်းတုံမြို့၊ လွယ်လုံအုပ်စု၊ တုံဆီရွာရှိ တောင်သူတစ်ဦးအား တွေ့ဆုံ၍ ဘိုစားပဲသီးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          ဘိုစားပဲစိုက်ပျိုးရာတွင် ဘိုစားပဲမျိုးစေ့ (၁) ပြည်လျှင် (၁) ကွက်နှုန်းစိုက်ပျိုးလေ့ရှိပြီး (၄) ကွက် လျှင် (၁) ဧကခန့်ရှိကြောင်း၊ စိုက်ပျိုးပြီး (၁) ပတ်ခန့်တွင် အပင်ပေါက်လေ့ရှိကြောင်း၊ အပင်ပေါက်ပြီး (၁) ပတ် (၁) ကြိမ် ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေးများ ဖျန်းပေးရကြောင်း၊ (၁၀) ရက်ခန့်အတွင်း မြေသြဇာကျွေးရပြီး အနည်းဆုံး (၅) ကြိမ်ခန့်ကျွေးရကြောင်း၊ (၁၅) ရက်ခန့်တွင် ဝါးတိုင်ထောင်ပေးရပြီး (၁) ကွက်လျှင် ဝါးတိုင် (၁၀၀၀) ခန့် ထောင်ပေးရကြောင်း သိရှိရပါသည်။

          စိုက်ပျိုးပြီး (၄၅) ရက်တွင် ပဲသီးစတင်ခူးဆွတ်ရကြောင်း၊ (၂) ရက်ခြား (၁) ကြိမ် ခူးဆွတ်ရပြီး (၁) ကြိမ်ခူးလျှင် အစီးရေ (၆၀၀) မှ (၈၀၀) အထိ ရရှိကြောင်း၊ (၅) စီးလျှင် (၁) ပိဿာခန့်ရှိပြီး (၁) စီး လျှင် (၁၅၀) ကျပ်ရရှိကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသူများမှ လာရောက်ဝယ်ယူပြီး ရံဖန်ရံခါ တာချီလိတ်မြို့မှ မှာယူသူများထံသို့လည်း ရောင်းချလျက်ရှိကြောင်းနှင့် (၁) ကြိမ်စိုက်ပျိုးလျှင် (၈) ကြိမ်မှ (၁၀) ကြိမ်အထိ ခူးဆွတ်ရကြောင်း သိရှိရပါသည်။

         ဘိုစားပဲစိုက်ပျိုးမှု (၁) ကွက်လျှင် ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေး၊ မြေသြဇာနှင့် ဝါးတိုင်တို့အတွက် စုစုပေါင်းကုန်ကျစရိတ် (၂) သိန်းကျပ်ခန့်ကုန်ကျပြီး ပြန်လည်ရရှိငွေအဖြစ် (၈) သိန်းကျပ် ခန့်ရရှိကြောင်း၊ အကျိုးအမြတ်များသောကြောင့် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလိုသော်လည်း တာရှည်ခံထားနိုင်သော သီးနှံမျိုးမဟုတ်သဖြင့် တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။

         သို့ဖြစ်ပါ၍ ဘိုစားပဲသီးသည် အာလူး၊ ကြက်သွန်ကဲ့သို့သော တာရှည်ခံစားဖိုချောင်သီးနှံမျိုး မဟုတ်သော်လည်း ဒေသနေပြည်သူများအတွက် ရာသီစာသီးနှံအနေဖြင့် စားသုံးရန်ဖူလုံမှုရှိပြီး ရာသီအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်