ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း၌ ဆန်၊ ဆီဝယ်ယူစားသုံးမှုအဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးနယ်နိမိတ်အတွင်း/အပြင်ရှိ ဆန်၊ ဆီ လက်လီအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆန်၊ ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ စည်ပင်သာယာဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ ဖွင့်လှစ်ရောင်းချနေသည့် ဆန်၊ ဆီတို့နှင့်တွဲလျက်ရောင်းချနေသော ကုန်ခြောက်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး စားအုန်းဆီများလက်လီရောင်းချရာတွင် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOP ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ်တနင်္လာနေ့တွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေခြင်းများမပြုလုပ်စေရန်နှင့် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချမှုများကိုစစ်ဆေးရန်တို့အတွက် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုစိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းနောက် ဌာန၏ သတ်မှတ်ချက်များနှင့်မကိုက်ညီသောဆန်များကို ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)