Main menu

ဆောင်းအာလူးစိုက်ပျိုးနေမှုအားကွင်းဆင်းလေ့လာ

Powered by Drupal

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၂.၂၀၂၂) ရက်နေ့ (၁၂:၀၀) အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စု၊ နောင်ရှဲန်ကျေးရွာရှိ အာလူးစိုက်ပျိုးသော တောင်သူဦးစိုင်းနွန်၏ စိုက်ခင်းသို့ အာလူးစိုက်ပျိုးနေမှု အခြေအနေအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။ အာလူးကိုနှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် စိုက်ပျိုးလေ့ရှိပြီး၊ ကျိုင်းတုံမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီး ယခုလိုဆောင်းရာသီအချိန်တွင်သာ အာလူးကိုစိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။

          အာလူးစိုက်မည်ဆိုပါက တစ်ဧကလျှင် မျိုးဥပိဿာ (၃၀၀-၃၅၀) ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက် (၂၀) ခန့်တွင် အပင်ပေါက်လေ့ရှိကြောင်း၊ အပင်ပေါက်ပြီး(၇)ရက်မှ (၁၅)ရက် အတွင်း မြေဩဇာနှစ်ကြိမ်ကျွေးရကြောင်းနှင့် (၁၀) ရက်ခန့်တွင် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ တစ်ခါတစ်ရံ ရာသီဥတုဆိုးဝါးသောနှစ်မျိုးတွင် ပိုးသတ်ဆေးနှင့် မြေဩဇာများလိုအပ်သလို ထပ်မံသုံးပေးရကြောင်း၊ ပိုးကျနေချိန်တွင် အချိန်မှန်ပိုးသတ်ဆေးများမဖျန်းပေးပါက အပင်များကြီးထွားမှုမရှိတော့ပဲ အာလူးဥအသေးများသာရရှိပြီး အထွက်နှုန်းကောင်းမွန်မှုမရှိကြောင်း သိရှိရပါသည်။

          အာလူးမျိုးဥများကို အောင်ပန်းဒေသမှ မှာယူစိုက်ပျိုး၍ မျိုးဥတစ်ပိဿာလျှင် (၂၅၀၀) ကျပ် ပေးရကြောင်း၊ အပင်ပေါက်ပြီးချိန်တွင်ဂရုစိုက်၍ ပိုးသတ်ဆေး၊ မြေဩဇာများကျွေးရပြီး တစ်ဧကလျှင် ပိုးသတ်ဆေးဖိုး (၅)သောင်းကျပ်ခန့်နှင့် မြေဩဇာဖိုး (၃)သိန်းခွဲခန့် ကုန်ကျပါကြောင်း စိုက်ပျိုးပြီး (၃) လခန့်အကြာတွင် အာလူးများစတင်တူးဖော်ရပါကြောင်း တစ်ဧကလျှင် လူ(၄) ဦးဖြင့် (၅) ရက်ခန့်တူးဖော်ရပြီး တစ်ဦးလျှင်လုပ်သားခနှင့် အာလူးတူးခ (၂)သိန်းခွဲခန့် ကုန်ကျပါကြောင်း၊ အာလူးတစ်ဧကလျှင် အထွက်ကောင်းပါက ပိဿာ (၂၄၀၀) ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။

          ယခုနှစ်အစောပိုင်းတွင် အာလူးစိုက်ပျိုးသူများဈေးကောင်းရရှိပြီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ရရှိသောကြောင့် တောင်သူများဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိပါသောကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးခက်ခဲနေချိန်တွင် တဖက်တလမ်းမှ စီးပွားရေးကုစားနိုင်မည်ဟု မျှော်လင့်ရကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်