Main menu

ဘက်စုံစိုက်ပျိုးမွေးမြူခြင်းဖြင့် ဝင်ငွေများစွာရရှိလျက်ရှိသည့် “အောင်ခေတ်စံ”ကုမ္ပဏီ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြိုနယ်တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် အဖွဲ့သည် ပြည်တွင်းကုန်သွယ်မှု ကဏ္ဍာဖွံဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေး တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် (၇.၂.၂၀၂၂)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ၊ ရေကြည်အုပ်စု ၊ ဧရာဝတီမြစ်အတွင်းရှိ ဧက(၄၀၀)ကျော်ရှိသော ကြက်ဟင်းခါးကျွန်းကျေးရွာတွင် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် “အောင်ခေတ်စံ” ကုမ္ပဏီ၏ လုပ်ငန်းရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ“အောင်ခေတ်စံ” ကုမ္ပဏီတွင် မွေးမြူရေးအနေဖြင့် ဒေသထွက်ခိုင်းနွားများကို မွေးမြူထုတ်လုပ်ကြောင်း၊ အဆိုပါ နွားမွေးမြူရေးခြံမှ မွေးမြူထားသော နွားအမျိုးအစားမှာ ‌ဒေသထွက်ရွှေနီ နိုင်ငံခြားစပ်မျိုးနွားများဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစ၍ နွားမအကောင်ရေ (၅၀)ကောင်နှင့် နွားထီးလိုက် (၅)ကောင်ဖြင့် စတင်မွေးမြူခဲ့ပြီး ၂၀၁၅ တွင် (၄၀၀)ကျော်နှင့် ၂၀၁၈ ခုနှစ်တွင် နွားအကောင်ရေ (၇၀၀)ခန့်ထိ တိုးပွားလာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ခိုင်းကျွဲ၊ နွားနှင့် သိုး၊ ဆိတ်တို့ကို အရှင်အတိုင်း ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့ခွင့်ပြုခဲ့ရာ “အောင်ခေတ်စံ” နွားမွေးမြူ‌ရေး ကုမ္ပဏီမှ တရုတ်နိုင်ငံသို့ တစ်ခေါက်လျှင် နွားအကောင်ရေ (၁၀၀)ကောင်ဖြင့် (၃)ခေါက်၊ စုစုပေါင်း နွားကောင်ရေ (၃၀၀)ကောင် တင်ပို့ခဲ့ပြီး တိုင်းအတွင်း တောင်သူများသို့ ခိုင်းနွားမျိုးဖြန့်ဖြူးခြင်း ၊ နွား‌မွေးမြူရေးသမားများအား မွေးဖက်ပေးခြင်း ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိခြံအတွင်း (၃၅၀)ကောင်ခန့် ကျန်ရှိကြောင်း သိရှိပါသည်။ ၎င်းမွေးမြူရေးခြံတွင် နွားနေရန်နှင့် အစာသိုလှောင်ရန်အတွက် အဆောက်အဦး (၅)လုံးနှင့် လူနေအဆောက်အဦး (၂)လုံးရှိကြောင်း၊ ၎င်းပိုင်မြေ (၂၁၃)ဧကတွင် နွားစားကျက်(၁၀)ဧကနှင့်  သီးနှံစိုက်ပျိုးခြင်းမပြုမီ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။

          ခြံတွင်း အရွယ်ရောက်နွားမတစ်ကောင်လျှင် (၅)သိန်းမှ (၁၀)သိန်းနှင့် နွားထီးတစ်ကောင်လျှင် (၇)သိန်းမှ(၁၀)သိန်းထိ ရောင်းချရပြီး၊ မျိုးထိန်းနွားသိုး(၁)ကောင်လျှင် (၃၅)သိန်းအထိရှိသည့် စပ်မျိုးနွားထီး(၃)ကောင်ခန့်လည်း မွေးမြူထားကြောင်း၊ (၁)နှစ်လျှင် နွားအကောင်ရေ (၁၅၀-၁၈၀) ကောင် သားပေါက်ပါကြောင်း၊ နွားစာအဖြစ်  နေဗီယာမြက်  ၊ ကောက်ရိုး ၊ ပဲမှော် ၊ ဖွဲ့နုများ ကျွေးမွေးရပြီး နွားကျန်းမားရေးစောင့်ရှောက်မှုကို စလင်းမြို့နယ် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်လျှက်ပေးလျက်ရှိသည့်အပြင် သာမန်ရောဂါများအတွက် ၎င်းကိုယ်တိုင် ဆေးထိုး၊ ဆေးတိုက်ပြုလုပ်ကြောင်း၊ နွားမွေးမြူရေးခြံမှရရှိသော နွားချေးကို စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုသဖြင့် သွင်းအားစုကုန်ကျစရိတ် များစွာမရှိကြောင်း သိရှိရပါသည်။

      ကုမ္ပဏီအနေဖြင့် မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက်လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးမြေ (၂၁၃)ဧကပေါ်တွင် ယခုလက်ရှိ ဆောင်းသီးနှံများအဖြစ် ကြက်သွန်နီ  (၃၀)ဧက ၊ ကြက်သွန်ဖြူ (၁၀)ဧက ၊ အာလူး(၃၀)ဧက ၊ မတ်ပဲ(၅၀)ဧက ၊ စားတော်ပဲ (၁၅)ဧက ၊ ကုလားပဲ(၄၀)ဧက ၊ ပဲရင်း(၁၀)ဧက ၊ နွားစာအဖြစ် နေဗီယာမြက် (၁၀)ဧကစိုက်ပျိုးထားပြီး နွေနှမ်းနှင့် ပဲတီစိမ်းတို့အား စိုက်ပျိုးရန် စီစဉ်လျှက်ရှိကြောင်း သိရှိပါသည်။

          “အောင်ခေတ်စံ”မွေးမြူရေးနှင့်စိုက်ပျိုးရေးကုမ္ပဏီအနေဖြင့် နွားမွေးမြူရေးကို ကျယ်ကျယ် ပြန့်ပြန့်မွေးမြူသကဲ့သို့ စိုက်ပျိုးရေးတွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် နေ့စားလုပ်သား/ အမြဲတမ်းလုပ်သားများ ခန့်ထားဆောင်ရွက်လျက်ရှိရာ ဒေသခံကျား/မ လုပ်သား (၈၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျှက်ရှိသည့်အတွက် ၂၀၂၁ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့်  “မွေးမြူရေးဂုဏ်ထူးဆောင် ဆုတံဆိပ်”ကိုလည်း ရရှိခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးကာ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးခြင်းမှ ကာကွယ်ရာရောက်မည်ဖြစ်ပါကြောင်း ဗဟုသုတတိုးပွားရေးအတွက် ရေးသားဖော်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး