Main menu

ရေမြင့်လျှင်ကြာမြင့်သည့်သကြားဈေးကွက်အခြေအနေ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားသောကြံစိုက်ပျိုးထွက်ရှိရာဒေသများမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်နောက်ပိုင်းတွင် စတင်၍ မန္တလေးဈေးကွက်သို့ သကာရည် (ခေါ်) ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် မန္တလေးမြို့ရှိ သကြားနှင့်သကာရည် ဈေးကွက်တို့မှာလည်း အတက်အကျများစွာဖြင့် ရောင်းဝယ်လျက် ရှိပါသည်။ ၂၀၂၀ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာခြင်းကြောင့် သကြားအသုံးပြု ထုတ်လုပ်သည့် စားသောက်ကုန်နှင့်မုန့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ယိုစုံလုပ်ငန်းများနှင့် ဖျော်ရည်လုပ်ငန်းများ အခိုက်အတံ့ ရပ်နားခဲ့ရပါသည်။ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ်မှစ၍ သကြားဈေးများကျဆင်းခဲ့ပြီး ဈေးကွက်တွင် ခါသကြား၁ပိဿာလျှင် ၈၀၀-၈၂၀ကျပ်၊ ပေါင်းသကြား၁ပိဿာလျှင် ၈၈၀-၉၀၀ကျပ်ဖြင့်သာရောင်းဝယ်နိုင်ခဲ့ပြီး၊ ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် ခါသကြား၁ပိဿာလျှင် ၁၇၃၀-၁၇၅၀ကျပ်၊ ပေါင်းသကြား ၁ပိဿာလျှင် ၁၈၅၀-၁၉၀၀ကျပ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ရှိ သကြားနှင့် သကာရည်ဒိုင်မှ သိရှိရပါသည်။ ထိုကဲသို့ မြင့်တက်ရခြင်းအကြောင်းမှာ ၂၀၂၀ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သကြားနှင့်သကာရည်တို့ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများ ခေတ္တရပ်နားခဲ့ရခြင်းကြောင့်  ကြံစိုက်တောင်သူများ အရှုံးပေါ်ခဲ့ခြင်းနှင့် ၂၀၂၁ခုနှစ်တွင် ကြံစိုက်တောင်သူများသည် ကြံစိုက်ပျိုးမည့်အစား မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများအား အစားထိုး စိုက်ပျိုးလာခြင်းကြောင့် ယခင်နှစ်များထက် ကြံအထွက်နှုန်းနည်းပါးလာပါသည်။ ကြံထွက်နည်းပါးခြင်းကြောင့် ယခုနှစ်တွင်  ကြံတစ်တန်လျှင် ၆၅၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး၊ အလုပ်သမားခနှင့် သယ်ယူစရိတ်မြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ ခါသကြား၁ပိဿာလျှင် ၁၇၀၀-၁၇၅၀ကျပ်၊ ပေါင်းသကြား၁ပိဿာလျှင် ၁၉၇၀-၂၀၀၀ကျပ်နှင့် သကာရည်၁ပိဿာလျှင် ၁၄၇၀-၁၄၉၀ကျပ်ထိ မြင့်တက်လာကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ကြံထုတ်ကုန်ဖြစ်သော သကြားခွေများကို ထိုင်းနိုင်ငံသို့ စတင်တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။ နောက်ပိုင်းတွင် ကြံမှတန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ပိုမိုထုတ်လုပ်လာနိုင်ပြီး ပြည်ပဈေးကွက်တင်ပို့ရန် အလားလာကောင်းများရှိလာသဖြင့် ကြံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက်ယခုနှစ်တွင် စိုက်ဧကများပိုမိုတိုးတက်စိုက်ပျိုးကြကြောင်း သက်ဆိုင်ရာဌာနစာရများအရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး