Main menu

ပုဂံဒေသ မြန်မာတို့၏ ယဉ်ကျေးမှုပြယုတ် ယွန်းကနုတ်ဝတ်စုံများအကြောင်းလေ့လာတင်ပြခြင်း

Powered by Drupal

           ယွန်းထည်လုပ်ငန်းအတတ်ပညာသည် မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်သည့် ပန်း(၁၀)မျိုးတွင် ပန်းယွန်းအဖြစ်ပါဝင်ပါသည်။ မြန်မာ့ရိုးရာ ယွန်းထည်ပြုလုပ်မှုအတတ်ပညာသည် ပုဂံခေတ်မှ စတင်ခဲ့ကြောင်းကို ပုဂံမြို့ဟောင်း မင်းနံသူရွာအနီး လေးမျက်နှာဘုရားကျောင်းဝန်းအတွင်း မြေများတူးဖော်ပြုပြင်ရာမှ တွေ့ရှိခဲ့သော ၁၂ ရာစုခေတ်လက်ရာဟု ခန့်မှန်းရသည့် ယဉ်ကျေးမှုလက်ရာဖြစ်သော ရှေးဟောင်းယွန်းရေခွက်များက သက်သေခံလျက်ရှိကြောင်း လေ့လာမှုများအရ သိရှိရပါသည်။ ထိုယွန်းခွက်အပိုင်းအစများကို ပုဂံမြို့ယွန်းပညာကောလိပ်ရှိ ယွန်းပြတိုက်တွင် ခင်းကျင်းပြသထားသည်ဟု သိရပါသည်။ မြန်မာ့ရိုးရာယွန်းထည်ပြုလုပ်သုံးစွဲမှုကို လေ့လာမည်ဆိုပါက ပုဂံခေတ်မှသည် အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တည်ရှိခဲ့ပြီး ယနေ့မျက်မှောက်ခေတ်တိုင်အောင် ရိုးရာမပျက် ဆက်လက် လက်ဆင့်ကမ်း လုပ်ကိုင်ကြသည့် ယဉ်ကျေးမှုအမွေအနှစ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်းကို တွေ့ရှိရပါသည်။

          မြန်မာ့ရိုးရာ ယွန်းထည်လက်မှုလုပ်ငန်းကို လူ့အသုံးအဆောင်ပစ္စည်းများတွင်သာ ပုံဖော်ထုတ်လုပ်သုံးစွဲသည်သာမက ယနေ့မျက်မှောက်ခေတ်တွင် မြန်မာ့ယွန်းထည်နှင့်ပေါင်းစပ်ကာ ယွန်းဝတ်စုံဒီဇိုင်းများဖြင့် ယွန်းဝတ်စုံများကို Ever Stand ယွန်းထည်မိသားစုမှ တီထွင်ဖန်တီး   ထုတ်လုပ် ရောင်းဝယ်လျက်ရှိပါသည်။ Ever Stand ယွန်းထည်မိသားစုမှ ၂၀၁၆ ခုနှစ်တွင် စတင်၍ လူကြီး၊ လူငယ်များ၏ ခေတ်ရေစီးကြောင်းတွင် မြန်မာမှုယွန်းအလှဆင်ဝတ်စုံကို ဖက်ရှင်တစ်ခုအနေဖြင့် ဂုဏ်ယူစွာ အသုံးပြုလာနိုင်စေရန်နှင့် မြန်မာ့ယွန်းထည်ကို မြတ်နိုးတန်ဖိုးထား၍ တင့်တင့်တယ်တယ် ဝတ်ဆင်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်တို့ဖြင့် အကောင်အထည်ဖော်ချုပ်လုပ်ဖန်တီးခဲ့ကြောင်း သိရှိရပါ သည်။

          မြန်မာ့ယွန်းထည်ဝတ်စုံကို ယွန်းပညာနှင့် ဒီဇိုင်နာပညာရှင်တို့ ပေါင်းစပ်ကာ ဝတ်စုံတစ်ထည်အတွက် အချိန်(၃)လမှ(၆)လထိ အချိန်ယူဆောင်ရွက်ရပါသည်။ ယွန်းပြား၊ ယွန်းလုံး၊ ယွန်းကြယ်သီး၊ ကနုတ်လိုင်းပုံဖော်ဆွဲရေးခြင်းများနှင့်ပေါင်းစပ်ကာ ဆံဖျားမှခြေဆုံးထိ ဒီဇိုင်းများ ပုံဖော်ဖန်တီးရကြောင်း Ever Stand ယွန်းထည်လုပ်ငန်းမိသားစု ဖန်တီးရှင်မမာလာမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပထမဆုံးစတင်ဖန်တီးခဲ့သော ဝတ်စုံအနေဖြင့် ယွန်းလုံးတန်ဖိုး တစ်လုံး(၁၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်ထိ တန်ဖိုးရှိ ယွန်းလုံးရေ(၄၀၀)ကျော် အသုံးပြုထုတ်လုပ်ထားပြီး ဝတ်စုံတစ်စုံအတွက် တန်ဖိုးအနေဖြင့် (၃၀၀၀၀၀)ကျပ်ခန့် ရှိကြောင်း သိရပါသည်။

         ပုဂံဒေသထွက် ယွန်းထည်ဝတ်စုံအနေဖြင့် ယွန်းထည်ပါဝင်အသုံးပြုထားမှု၊ ဒီဇိုင်း၊ ကာလာ၊ ကနုတ်မျိုးစုံရှိသည့်အတွက် အသုံးပြုမှုပေါ်မှုတည်၍ ဈေးနှုန်းများကွဲလွဲမှု ရှိပါသည်။ မြန်မာ့ယွန်းထည် ပွဲတက်ဝတ်စုံ တစ်စုံ၏ တန်ဖိုးအနေဖြင့် ကျပ်(၃၀၀၀၀၀)မှ ကျပ်(၅၀၀၀၀၀) ကျော်ထိ ဈေးအမျိုးမျိုးရှိကြောင်း၊မိမိသုံးစွဲအသုံးပြုလိုသော ယွန်းထည်နှင့်ဝတ်စုံဒီဇိုင်းပေါ်မှုတည်၍ တန်ဖိုး အနည်းအများရှိကြောင်းသိရပါသည်။

          Ever stand ယွန်းထည်လုပ်ငန်းမိသားစုမှ ထုတ်လုပ်သော မြန်မာမှု ယွန်းဝတ်စုံများကို မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘွဲ့နှင်းသဘင်ပွဲ၊ အထိမ်းအမှတ်ပွဲများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အမှတ်တရ Photo ရိုက်ကူးရာတို့အတွက် အသုံးပြုဝတ်ဆင်ကြရန်နှင့် ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ တောင်ကြီးမြို့များမှလည်း မှာယူ၍ ဝတ်ဆင်ကြကြောင်းသိရှိရပါသည်။ ထုတ်လုပ်သူကိုယ်တိုင် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့တွင် မြန်မာမှုယွန်းဝတ်စုံဖြင့် နိုင်ငံတကာပွဲများတွင် ဝတ်ဆင်တက်ရောက်ခဲ့ပြီး ယခုထိယွန်းဝတ်စုံပေါင်း (၁၅)စုံ ချုပ်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရ ပါသည်။

          လူငယ်များ၏ ခေတ်ရေစီးကြောင်းတွင် နိုင်ငံခြားမှဝင်ရောက်သည့် ဖန်စီအလှအပအသုံး အဆောင်ပစ္စည်းများကို သုံးစွဲမည့်အစား မြန်မာ့လက်မှု ယွန်းထည်ပစ္စည်းများကို အသုံးပြုကာ   ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပနိုင်ငံများထိ ထိုးဖောက်၍ တင့်တင့်တယ်တယ်ဖြင့် ကျက်သရေ ရှိလှစွာသော ယွန်းဝတ်စုံများဖြင့် ဂုဏ်ယူနိုင်စေရန်နှင့် ပုဂံဒေသထွက် ယွန်းထည်များကို အဆင့်တန်းမီ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တီထွင်ဖန်တီးထုတ်လုပ်ပြသနိုင်ရန်အတွက် မြန်မာ့ယွန်းဖက်ရှင်ဝတ်စုံ Collection အနေဖြင့် Ever Stand ယွန်းထည်လုပ်ငန်းမိသားစုမှ တီထွင်ဖန်တီး ထုတ်လုပ်လျက်ရှိပါ၍ ပွဲတက်ဝတ်စုံ၊ ရိုးရာယဉ်ကျေးမှုဝတ်စုံ၊ အမှတ်တရဝတ်စုံများအဖြစ် မှာယူအသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး