အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဝယ်ယူရေးအေဂျင်စီဖြစ်သော Bulog အဖွဲ့သည် ဆန်တန်ချိန် ၃၀၀၀၀၀ ကို အင်ဒိုနီးရှားဆိပ်ကမ်းသို့ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ အရောက် ဝယ်ယူတင်သွင်း နိုင်ရေး ကြိုးပမ်းလျက်ရှိဟု ဥရောပကုန်သည်များက ၂၀-၃-၂၀၂၄ နေ့တွင် ပြောဆိုခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
Bulog အဖွဲ့သည် ဆန်တန်ချိန် ၃ သိန်းဝယ်ယူမည့် နိုင်ငံတကာတင်ဒါအတွက် ၂၀-၃-၂၀၂၄ နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်စာရင်းပေးသွင်းရန် ၁၈-၃-၂၀၂၄ နေ့တွင် ဖိတ်ခေါ်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ဖော်ပြခြင်းမရှိကြောင်း၊ တင်ဒါတွင်ပါဝင်ရန် ကုန်သည်များက စာရင်းပေးသွင်းပြီးမှသာ ရှင်းလင်းပြောဆိုမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသည့် တင်ဒါယှဉ်ပြိုင် မည့်သူသည် ၂၅-၃-၂၀၂၄ နေ့အတွင်း ဈေးနှုန်းကမ်းလှမ်းချက်ကို ပေးပို့ရမည်ဖြစ်ပြီး Bulog အဖွဲ့ သည် ဈေးနှုန်းညှိနှိုင်းမှုများကို နောက်တစ်နေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တင်ဒါ အပြီးသတ်ရွေးချယ်သည့် ဆုံးဖြတ်ချက်ကို ၂၇-၃-၂၀၂၄ နေ့၌ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။
ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့ပြီးနောက် ဈေးနှုန်းများမြင့်တက်မှုကို လျှော့ချနိုင်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတကာ ဆန်အဝယ်တင်ဒါများကို ဆက်တိုက် ခေါ်ယူလျက်ရှိသည်။ ယခင်နှစ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရာသွန်းမှုနည်းပါးလျက် ဆန်စပါးထွက်ရှိမှု ကျဆင်းခဲ့ရာ ဆန်ဈေးနှုန်းများမှာ ၁၆% ကျော် မြင့်တက်လာခဲ့ပြီး ဈေးနှုန်း ဖောင်းပွမှု ဖိအားများကို ကြုံတွေ့လာရခြင်းဖြစ်သည်။
အင်ဒိုနီးရှားအနေဖြင့် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားတို့ထံမှ ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူများကို ဝယ်ယူရရှိရန် မျှော်လင့်ထားကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် ထွက် သီးနှံအား တင်ပို့ခြင်းမပြုမီ ၆ လအတွင်း ကြိတ်ခွဲထားသည့် ဆန်များဖြစ်ရန်လိုအပ်ကြောင်း၊ ၅၀ ကီလိုဂရမ်ဝင် အိတ်များဖြင့် ထုပ်ပိုးထားရှိရမည်ဖြစ်ကြောင်း၊ ဝမ်းပုံစနစ်ဖြင့် သင်္ဘောတင်ပို့မှု ကို လိုလားသော်လည်း အချို့သော ဆိပ်ကမ်းများသို့ ဆိုက်ရောက်မည့်ဆန်များအား ကုန်သေတ္တာ ဖြင့် တင်ပို့ခြင်းကိုလည်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
နောက်ဆုံးအကြိမ်ဆန်တန်ချိန် ၃၀၀၀၀၀ ကို ဝယ်ယူခဲ့သော တင်ဒါအတွက် မတ်လ ၁ ရက်နေ့၌ Bulog အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာအရ ဆန်ပမာဏ အများစုကို ထိုင်းနိုင်ငံထံမှ ဝယ်ယူခဲ့ပြီး ကျန်ပမာဏ အချို့အဝက်ကို ပါကစ္စတန်ထံမှ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: NASDAQ, 20 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)