Main menu

ပေါက်မြို့နယ် ငရုတ်သီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေကွင်းဆင်းလေ့လာ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးကျော်စိုးသည် တိုင်း/ခရိုင်ဦးစီးမှူး တို့၏ လမ်းညွှန်ချက်ဖြင့်(၃၁.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပေါက်မြို့နယ် ရှားတောကျေးရွာ ဦးမောင်ရွှေ၏ ငရုတ်စိုက်ခင်းသို့ သွားရောက် ပြီး စိုက်ပျိုးထွက်ရှိမှုနှင့် ပြန်လည်ရောင်းချမှုအခြေအနေအား ကွင်းဆင်းလေ့လာခဲ့ရာ ငရုတ်စိုက်တောင် သူ၏ ပြောကြားချက်အရ ရှားတောကျေးရွာတွင် နှစ်စဉ် ကြက်သွန်နီ၊ စပါး၊ မြေပဲ၊ အာလူး၊ ငရုတ်သီးနှံ အပြင် အခြားသီးနှံများလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိမိတို့စိုက်ပျိုးထွက်ရှိသော ငရုတ် သီးအစိုများကို ရောင်းလိုအားကောင်းသော်လည်း ဝယ်လိုအားနည်းသွားသောကြောင့် ယခင်နှစ်ထက် စိုက်ဧက/ စိုက်ပျိုးတောင်သူဦးရေလျော့နည်းသွားကြောင်း၊ ယခုနှစ်တွင် (၁၀)ဦးခန့်သာ စိုက်ပျိုးလျက်ရှိ ကြောင်း၊ စုစုပေါင်း(၅)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ ဦးမောင်ရွှေမှ ငရုတ်စိုက်ဧက(၀.၇၀)ခန့်သာ စိုက်ပျိုးထားကြောင်း၊ အဓိကစိုက်ပျိုးသီးနှံ မဟုတ်သော်လည်း နှစ်စဉ်တပိုင်တနိုင် စိုက်ပျိုးလျက်ရှိ ကြောင်း သိရှိရပါသည်။

          ငရုတ်စိုက်ပျိုးရာတွင် ကျောက်မဲ(၆၉၂)မျိုးကို စိုက်ပျိုးထားကြောင်း၊ မျိုးစေ့ (၁)ထုပ်ကို (၇၀၀၀) ကျပ်ပေး၍ ဝယ်ယူစိုက်ပျိုးကြောင်း၊ တစ်ထုတ်ပျိုးလျှင် ပျိုးပင်(၇၀၀)ဝန်းကျင်ခန့်ရရှိကြောင်း၊ (၀.၇၀) ဧကအတွက် ပျိုးထုတ်(၁၀)ထုတ်ဝယ်ယူ၍ စိုက်ပျိုးရကြောင်း၊ ပျိုးခုံလုပ်၍ စိုက်ပျိုးရာတွင် ယခုနှစ်တွင် အပင်ပျက်ဆီးမှုများသောကြောင့် ပျိုးပင်(၃၅၀၀)ဝန်းကျင်ခန့်သာ ရရှိကြောင်း၊ နိုဝင်ဘာလလယ် လောက်တွင် စတင်ပျိုးခုံပြုလုပ်ပြီး ပျိုးပင်သက်တမ်းမှာ (၄၅)ရက်ခန့်ကြာရှိကြောင်း၊ ပျိုးခုံပြုလုပ် ရာတွင် ကုန်ကျစရိတ်မှာ မျိုးစေ့ထုတ်ဝယ်ယူမှုနှင့် ရေဖျန်းပေါင်းသင်ခြင်းများကို မိမိတို့ မိသားစုဝင်များ ဖြင့် ကိုယ်တိုင်လုပ်ဆောင်၍ (၁)သိန်းဝန်းကျင်ခန့်သာ ကုန်ကျကြောင်း  သိရှိရပါသည်။

          ပျိုးပင်များကို စိုက်ခင်းအတွင်းသို့ ဇန်နဝါရီလဆန်းပိုင်းလောက်တွင် ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ မစိုက်ခင်မြေပြုပြင်ထွန်ယက်ပြီး ကြိုးတန်း၍ ပင်ကြား ၁ပေခွဲ၊ တန်းကြား(၃)ပေ စိုက်ပျိုးရကြောင်း၊ ငရုတ်ပင်မှာ မိုးမျှော်ငရုတ်သီးအပင်ကြီးမျိုးဖြစ်၍ ခပ်ကျဲကျဲစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် အလုပ်သမား(၃၀)ဦးခန့် ငှားရမ်းပြီး တစ်မနက်(၂၅၀၀)ကျပ် ပေး၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။ ငရုတ်ပင်သည် ရေသွင်း၍ စိုက်ပျိုးရသောအပင်ဖြစ်ပြီး စိုက်ပျိုးသည်မှစ၍ အသီးခူးပြီးချိန်အထိ ရေ(၁၄)ကြိမ်ခန့် ပေးသွင်းရကြောင်း၊(၁)ကြိမ်သွင်လျှင် မိမိကိုယ်ပိုင်ရေတွင်းရေစက်များဖြင့် အလုပ်သမား (၁)ဦးသာ ငှားရမ်းပြီး မိသားစုကိုယ်တိုင် ရေသွင်းရသည့်အတွက် စက်သုံးဆီကိုသာဝယ်ယူရ၍ ကုန်ကျစရိတ် အနည်းငယ်သက်သာကြောင်း၊ (၀.၇၀)ဧကအတွက် (၁)ကြိမ်ရေသွင်းလျှင် (၄)နာရီခန့်ပေးသွင်းရ၍ (၂)သောင်းဝန်းကျင်ခန့်ကုန်ကျကြောင်း သိရှိရပါသည်။

         စိုက်ပျိုးပြီး (၁)လအကြာတွင် စတင်ရေသွင်းပေးရကြောင်း၊ အပင်ကြီးထွားသန်မာစေရန်အတွက် ရေမသွင်းခင် အပင်ခြေသို့ ပုလဲ၊ အာမို၊ သွင်းအားစုအားဆေးများကို မြေတူးဆွပြီးထည့်ပေးရကြောင်း၊ ရေတစ်ခါသွင်းတိုင်း တစ်ခါထည့်ပေးရကြောင်း၊ စိုက်ပျိုးပင်သက်တမ်းမှာ စိုက်ပျိုးချိန်မှစပြီး အသီးခူးသည့်အချိန်ထိ (၇)လခန့်ကြာမြင့်ကြောင်း၊ (၁)လလျှင်ရေ(၂)ကြိမ်သွင်းရ၍ စုစုပေါင်း(၁၄)ကြိမ်ခန့် ရေသွင်းရကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် သွင်းအားစုဈေး၊ စက်ဆီဈေး၊ အလုပ်သမားငှားရမ်းခ၊ ထွန်စက်/နွားရှဉ်းငှားရမ်းခများ (၂)ဆခန့် မြင့်တက်သည့်အတွက် ကုန်ကျစရိတ်များကြောင်း သိရှိရပါ သည်။

          စိုက်ပျိုးပြီး(၃)လအကြာတွင် အသီးအပွင့်စတင်ဝင်ရောက်ပြီး မတ်လတွင် အသီးစတင်ခူးရကြောင်း၊ သက်တမ်းမှာ(၇)လခွဲခန့်ထိ ငရုပ်သီးအစို ဆွတ်ခူးရရှိကြောင်း၊ (၁)လလျှင် ပျမ်းမျှပိဿာ (၃၀၀)ခန့်ထွက်ရှိကြောင်း၊ (၀.၇၀)ဧကအတွက် စိုက်ပျိုးချိန်မှ အပင်သက်တမ်း ကုန်ဆုံးချိန်အထိ ငရုတ်သီးအစို အထွက်နှုန်းပိဿာ(၂၀၀၀)ဝန်းကျင်ခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးထားသော (၀.၇၀) ဧက၏ ခန့်မှန်းကုန်ကျစရိတ်မှာ မျိုးစေ့ဝယ်ယူခ၊ မြေပြုပြင်ရန်အတွက်  ထွန်စက်ခုတ်ခ၊ နွားရှဉ်းငှားခ၊ အလုပ်သမားငှားရမ်းခ၊ စက်သုံးဆီခ၊ စုစုပေါင်းကုန်ကျစရိတ်မှာ (၁၀)သိန်း ဝန်းကျင်ခန့်ရှိကြောင်း၊ ယခု ငရုတ်သီးအစို(၁)ပိဿာပေါက်ဈေးမှာ လက်လီ(၁၀၀၀)ကျပ်၊ လက်ကားဈေး(၈၀၀)ကျပ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့သို့ အနည်းငယ်သာ ရောင်းချရပြီး ဆိပ်ဖြူနှင့် မင်းဘူးမြို့များသို့ အဓိကထား ဖြန့်ဖြူးကြောင်း၊ ဆိပ်ဖြူ၊ မင်းဘူးမြို့တို့မှ တစ်ဆင့် မန္တလေး၊ မူဆယ်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း၊ ရောင်းဈေးနှုန်းမှာ ယခင်နှစ်နှင့်ယခုနှစ် များစွာ ကွာဟမှုမရှိသော်လည်း ယခု(၂)နှစ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားနေမှုကြောင့် ပြည်တွင်းမှ ပြည်ပသို့ သယ်ယူပို့ဆောင်ရေး အခက်အခဲများတွေ့ရခြင်းကြောင့် ငရုပ်သီးအစိုမှာ ဈေးကွက်ဝယ်လို အားနည်း၍ အခြောက်ထား၍ မိမိတို့အိမ်၌သာ သိုလှောင်ထားရကြောင်း၊ ငရုတ်သီး ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိပါက စိုက်ဧကများလည်း တိုးလာမည်ဖြစ်ကြောင်း တောင်သူဦးမောင်ရွှေ၏ ပြောကြားချက်အရ သိရှိရပါသည်။

       ငရုတ်(၀.၇၀)ဧကအတွက် (၁၆)သိန်းဝန်းကျင်ခန့်ရရှိ၍ အကျိုးအမြတ်အနေဖြင့် (၇)သိန်းဝန်းကျင်ခန့်ရရှိကြောင်း၊ ပြည်တွင်းဈေးကွက်ဝယ်လိုအားကောင်းပြီး ပြည်ပအထိ တိုး၍တင်ပို့နိုင်ပါက တောင်သူများအနေဖြင့် တွက်ခြေကိုက်သည့်အတွက် ငရုတ်ကို အဓိကသီးနှံအဖြစ် ပြောင်းလည်း စိုက်ပျိုးသွားနိုင်မည်ဖြစ်၍ တောင်သူများ အကျိုးအမြတ်များစွာရရှိနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး