Main menu

မကွေးတိုင်းဒေသကြီးအတွင်း ပဲဆီ၊ နှမ်းဆီ ဈေးနှုန်းဈေးကွက် အခြေအနေကွင်းဆင်းစစ်ဆေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ မကွေးတိုင်း‌‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အဖွဲ့သည် တိုင်း‌‌ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်သူများ စားအုန်းဆီသုံးစွဲမှုလျှော့ချ၍ စားအုန်းဆီအစား ဒေသထွက် မြေပဲဆီ/နှမ်းဆီများ ပြောင်းလဲသုံးစွဲလာစေရေးတို့အတွက် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မကွေးမြို့ပေါ်ရှိ  အမေထွား၊ ရွှေမြန်မာ၊ အမေစိန်၊ အောင်စင်္ကြာ၊ ကောင်းသန့်၊ အောင်သပြေ၊ အောင်ညီနောင်၊  ငွေဇင်ယော်၊ တော်ဝင်၊ စူပါမင်း၊ အောင်သိဒ္ဓိ၊ ဦးဘရင်နှင့် မြင်သာစသည့်ဆီစက်လုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆီစက်လုပ်ငန်းများ၏ လအလိုက် ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်သည့်  ဈေးနှုန်းဈေးကွက်အခြေအနေများ တိုးတက်လာမှု  ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           မကွေးတိုင်း‌ဒေသကြီးအတွင်း ဆီစက်(ကြီး/လတ်) (၁၇၆)လုံးအနက် (၉၁)လုံးတို့၏ ကြိတ်ခွဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မှုအခြေအနေမှာ ၁လ လျှင် တန်ချိန် ၁သောင်းခန့် ဖြစ်ပြီး  ယခင်ထက် (၂)ဆကျော် မြင့်တက်လာကာ လျှပ်စစ်မီးအချိန်ပြည့်ရရှိပါက ယခုထက် ပို၍ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ ဈေးကွက်၌ အရောင်းအဝယ် ပြုလုပ်လျက်ရှိသော ဈေးနှုန်းများမှာ နှမ်းဆီ(ပိဿာ)ကျပ် ၆၀၀၀ မှ ၇၅၀၀အတွင်း၊ မြေပဲဆီ(ပိဿာ) ကျပ် ၆၀၀၀ မှ ၇၀၀၀အတွင်း ဖြစ်ပြီး စားအုန်းဆီ (ပိဿာ)ကျပ် ၅၃၀၀ မှ ၅၄၀၀အတွင်း အသီးသီးရှိရာ မြေပဲဆီ/ နှမ်းဆီဈေးနှုန်းများ မြင့်တက်လာမှုမရှိသည့် အနေအထားကိုတွေ့ရှိရပါသည်။  နှမ်းဆီ/မြေပဲဆီနှင့် စားအုန်းဆီဈေးနှုန်းတို့မှာ ကွာခြားမှုအနည်းငယ်သာရှိခြင်းကြောင့်  နှမ်းဆီ/မြေပဲဆီ ရောင်းအားတက်၍ ဈေးကွက်အား ကောင်းလာသည့်အတွက် မိသားစုတနိုင်တပိုင် တည်ထောင်သော ဆီစက်လုပ်ငန်း အရေအတွက်ပိုမို များပြားလာကာ ကြိတ်ခွဲထုတ်လုပ်နိုင်မှုလည်း တိုးလာကြောင်းသိရှိရပါသည်။ နှမ်းဖတ်၊ ပဲဖတ် ရောင်းချရမှုဈေးနှုန်းများမှာ နှမ်းဖတ် တစ်ပိဿာ ကျပ် ၁၂၀၀၊ ပဲဖတ် တစ်ပိဿာ ကျပ် ၁၅၀၀ ရရှိနိုင်ကြောင်းသိရှိရပါသည်။ ကုန်ကြမ်းများဖြစ်သည့် နှမ်းဖတ်၊ ပဲဖတ်များ (၂)ဆ ထွက်သောကြောင့် တိရိစ္ဆာန်အစာအတွက် အဆင်ပြေရုံမျှသာမက နှမ်းဖတ်၊ ပဲဖတ်များဈေးကောင်းရရှိမှုသည်  နှမ်းဆီ/ မြေပဲဆီဈေးနှုန်းများ တည်ငြိမ်အောင် ထိန်းထားနိုင်သည့် အကြောင်းရင်းတစ်ခုအဖြစ် တွေ့ရှိရပါသည်။

         ထို့ပြင် ဆီစက်လုပ်ငန်းများအနေဖြင့် လုပ်သားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ကြောင်း၊ မနှစ်ကထက် ရောင်းအားတက်ရခြင်းမှာ ယခင် ပြည်ပမှ စားအုန်းဆီ တန်ချိန် (၈၀၀၀၀) တင်သွင်းရာမှ ယခုအခါ တန်ချိန် (၅၀၀၀၀) မျှသာ တင်သွင်းမှုလျှော့ချလိုက်ခြင်းကြောင့်လည်းကောင်း၊ စားအုန်းဆီနှင့် မြေပဲဆီ ဈေးနှုန်းကွာခြားမှုနည်းသည့်အတွက်ကြောင့်လည်း ဖြစ်ကြောင်း၊မကွေးတိုင်း‌ဒေသကြီးအတွင်းမှ  ရန်ကုန်၊ မန္တလေး၊ စစ်တွေ နှင့် တောင်ကြီးမြို့များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း    ဆီစက်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။ မကွေးတိုင်းဒေသကြီး အတွင်းရှိ အကြီးစား/ အလတ်စား ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူး‌ရောင်းချနိုင်မှုအင်အားသည် ပြည်ပကို အားမကိုးဘဲ မကွေးတိုင်းဒေသကြီးအတွင်း၌ သာမက မြန်မာနိုင်ငံ တနှံ့တလျား ပြည်သူများအနေဖြင့် နှမ်းဆီ/မြေပဲဆီတို့ကို နည်းနည်းနှင့် ကောင်းကောင်း စားသုံးကာ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ကြောင်းလည်း ဆီစက်လုပ်ငန်းရှင်တစ်ဦးမှ  အကြံပြု‌ပြောဆိုလာပါသည်။

         လူတို့အတွက် နေ့စဉ်အာဟာရဓာတ် လိုအပ်ချက်တွင် ဆီသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်သည့်အတွက်  ပြည့်ဝမဟုတ်သော အဆီအမျိုးအစားဝင် အမျိုးအစားပေါင်းစုံအဆီ (Poly Unsaturated Oil) ‌ဖြစ်သည့် နှမ်းဆီနှင့်   တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ဖြစ်သည့်  မြေပဲဆီတို့ကို စားသုံးရန်သင့်တော်ကြောင်း ကျန်းမာရေးပညာရှင်များက ညွှန်ပြထားပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့်  ကျန်းမာရေးနှင့်ညီညွတ်၍  လုံခြုံစိတ်ချရသော ပြည်တွင်းစားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြပါရန် တိုက်တွန်းအကြံပြုလိုက်ရပါသည်။ 

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး