Main menu

မရမ်းသီးများအထွက်လှိုင်လာသောကြောင့် ဈေးနှုန်းလျော့ကျလာ

Powered by Drupal

       ယခုမတ်လပိုင်းမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဈေးကွက်တွင် ရာသီစာသီးနှံတစ်မျိုးဖြစ်သော မရမ်းသီးများ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုများလာချိန်ဖြစ်ပါသည်။ မရမ်းသီးကို သီးနှံပေါ်စ ဇန်နဝါရီလ၌ ဈေးကွက်အနေဖြင့် တစ်ဆယ်ကျပ်သားလျှင် ၅၀၀၀ကျပ်ဖြင့် ဝယ်ယူစားသုံးကြရပြီး အိမ်ရှင်မတို့အနေဖြင့်လည်း ပေါ်ဦးပေါ်ဖျားဈေးကောင်းပေးဝယ်ယူကာ ထမင်းဝိုင်းတွင် ထမင်းမြိန်စေသည့် ဟင်းလျာတစ်မျိုးအဖြစ် သုပ်၍တစ်ဖုံ၊ ပုစွန်ခြောက်ဖြင့်ကြော်၍တစ်မျိုး စားသုံးကြသည့် ရာသီစာသီးနှံဖြစ်ပါသည်။ ဖေဖော်ဝါရီလတွင် အသီးများလှိုင်ချိန်ဖြစ်ပြီး ဝင်ရောက်မှုလည်းများလာကာ ဈေးနှုန်းလည်းလျော့ကျသွားခဲ့ပါသည်။ ယခုမတ်လတွင် မရမ်းသီးတစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချမှုရှိကြကာ ပဲကြီးဟင်းချိုနှင့် မရမ်းသီးထောင်း၊ မရမ်းသီးသုပ်များသည် လိုက်ဖက်လှသော ဟင်းအမယ်ဖြစ်သည့်အတွက် အိမ်ရှင်မတို့အနေဖြင့် ပေါ်စအချိန်ထက် ဈေးသက်သာစွာဝယ်ယူစားသုံးနိုင်ပြီဖြစ်ပါသည်။ မရမ်းသီးများပေါများလာသည့်အချိန်တွင် မရမ်းသီးကို ဆားရည်စိမ်၍တစ်မျိုး၊ မရမ်းပြားခြောက်အဖြစ်တစ်မျိုး ကြာရှည်အထားခံ၊ အသုံးခံအောင် ထားသိုကြသည်များလည်းရှိကြပါသည်။ မရမ်းသီးအမှည့်များပေါများချိန်တွင် မရမ်းသီးအချိုသီးအမျိုးအစားကိုလည်း ဈေးကွက်အတွင်း ရောင်းချမှုရှိလာကြပါသည်။ မရမ်းပင်သည် အပင်ကြီးအမျိုးအစားဖြစ်ပြီး နှစ်ရှည်ပင်လည်းဖြစ်သောကြောင့် ၎င်းကို အိမ်ဝင်း၊ ခြံဝင်းများတွင် စိုက်ပျိုးကြကာ အသီးလည်းစားရပြီး ဝင်ငွေလည်းရရှိကာ အရိပ်ရပင်လည်းဖြစ်သောကြောင့် ယခုကဲ့သို့ ပူပြင်းလှသောရာသီများတွင် အသုံးဝင်သည့် အပင်တစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)