Main menu

မြေပဲဆုံဆီလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများအဖွဲ့သည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပြည်တွင်းဆီစက်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှုကို တန်ချိန်(၈၀၀၀၀)မှ တန်ချိန်(၅၀၀၀၀)သို့ လျော့ချတင်သွင်းခဲ့မှုအပေါ်  ပြည်တွင်းတပိုင်တနိုင် ဆုံဆီလုပ်ငန်းများ၏ ထုတ်လုပ်မှုဖြန့်ဖြူးမှုအား သိရှိနိုင်ရန် ရည်ရွယ်၍ ဖေဖေါ်ဝါရီလ(၇)ရက်၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေအား သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

          မြေပဲဆုံဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် မြေပဲဆုံဆီများကို ယခင်ကထက် ပို၍ကြိတ်ခွဲရပါကြောင်း၊ ဆုံကြိတ်သည့်အိမ်သို့ မြေပဲဆံကိုဝယ်၍ လာရောက်ကြိတ်ခွဲသူများရှိသလို မြေပဲဆံကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပေးပြီး ကြိတ်ခွဲရသည်များလည်းရှိကြောင်း၊ ယခင်နှစ်များမှာ မြေပဲဆုံဆီ ကြိတ်ခွဲနှုန်း အလွန်နည်းပါးပြီး ယခုနှစ်မှာ အချိန်ပြည့် ကြိတ်ခွဲရပါကြောင်း၊ သို့သော် လျှပ်စစ်မီးမမှန်သည့်အတွက် လုပ်ငန်းတွင်ကျယ်မှု အားနည်းကြောင်း၊ ဆုံ(၁)လုံးတည်းရှိသည့် လုပ်ငန်းရှင်မှာ တစ်ရက်ကို (၂/၃)ဆုံသာ လည်ပတ်နိုင်ပါကြောင်း၊ (၁)ဆုံကြိတ်ခွဲလျှင် (၁)နာရီ မှ (၁:၃၀) ခန့်ကြိတ်ခွဲရပါကြောင်း၊ မြေပဲအမျိုးအစားပေါ်မူတည်၍ ကြိတ်ခွဲချိန် မတူညီပါကြောင်း၊ ဆုံအရေအတွက်(၂)ဆုံ နှင့် (၄)ဆုံ ပိုင်ဆိုင်သောလုပ်ငန်းရှင်များမှာ ပို၍ ထုတ်လုပ်နိုင်သည်ကို တွေ့ရပါကြောင်း၊ (၁)ဆုံအတွက်လုပ်သားခ (၆၀၀)ကျပ်နှုန်းပေးရပြီး အမှာရှိသည့်အခါ ညအချိန် လျှပ်စစ်မီးလာချိန်တွင်  ကြိတ်ခွဲလိုလျှင် လုပ်သားများ ငှားရမ်း၍ မရသဖြင့်  မိသားစုကိုယ်တိုင်ကြိတ်ခွဲရပါကြောင်း၊ ဆီကြိတ်ခွဲခအနေဖြင့် (၅)ပိဿာ(၁)ဆုံကို (၁၂၀၀)ကျပ်ယူပြီး ဆုံဆီတစ်ပိဿာလျှင် (၆၅၀၀-၆၈၀၀)ကျပ် ရောင်းချပါကြောင်း၊ ပဲဖတ်တစ်ပိဿာကို (၁၁၀၀-၁၄၀၀)ကျပ်ဖြင့် တိရစ္ဆာန်စာအဖြစ်ပြန်လည် ရောင်းချသည်ကို သိရပါကြောင်း၊ မြေပဲဆုံဆီ လုပ်ငန်းအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်သည် ပိုမိုကြိတ်ခွဲထုတ်လုပ် ရောင်းချရပါကြောင်း၊ ဆုံလုပ်ငန်းများမှာ ယခုနှစ် ပို၍တိုးချဲ့လာပြီး လိုင်စင်မပြုလုပ်ရသေးဘဲ လုပ်ငန်းလည်ပတ်နေသဖြင့် ဆုံဆီလုပ်ငန်းဖောင်းပွမှုကိုလည်း ကြပ်မတ်စေလိုပါကြောင်း၊ ပခုက္ကူမြို့နယ်၊ မြေပဲဆုံဆီလုပ်ငန်းရှင် ဥက္ကဌဦးဝင်းဆွေ၏ ပြောကြားချက်အရ သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အမှတ်တံဆိပ်ဖြင့် မြေပဲဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြည့်စုံစွာ ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို လေ့လာရာတွင်လည်း ပြည့်စုံမှုမရှိသေးသဖြင့် လိုအပ်သည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ပြည့်စုံမှုရှိပါက ကုန်အမှတ်တံဆိပ်နမူနာများနှင့်တကွ စိစစ်အတည်ပြုပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားနိုင်ပါကြောင်း အသိပေးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး