ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်သည် မိုးစပါးစိုက်ဧက ငါးသိန်း သုံးသောင်းကျော်စိုက်ပျိုးပြီး၊ သီးထပ်အဖြစ် မတ်ပဲသီးနှံကို ဧကလေးသိန်းနှစ်သောင်းကျော် စိုက်ပျိုးသော ဒေသလည်း ဖြစ်ပါ သည်။၂၀၂၃ နိုဝင်ဘာ လဆန်းမှာ စတင်စိုက်ပျိုးသော မတ်ပဲ သည် ၂၀၂၄ ခုနှစ် မတ်လ ဒုတိယသီတင်းပတ်တွင် လှိုင်လှိုင် ထွက်ရှိလာပြီး တစ်ဧက ပျမ်းမျှ ၁၇ တင်းမှ တင်း ၂၀ ကြားထွက်ရှိကြောင်း ကွင်းဆင်းဆွေးနွေးမှုများအရသိရှိရပါသည်။ မတ်ပဲတစ်ဧက ပျမ်းမျှကုန်ကျစရိတ် ၄၅၀၀၀၀ ကျပ် ခန့်ရှိပြီး တစ်ဧကထွက်နှုန်းပျမ်းမျှ ၁၇တင်းနှုန်းကို (၁၈.၃.၂၀၂၄)နေ့ မတ်ပဲတစ်တင်း ဟင်္သာတ ပေါက်ဈေး ၉၆၀၀၀ ကျပ်ဖြင့် တွက်ချက်ပါက တောင်သူများ တစ်ဧက ပျမ်းမျှ ၁၂သိန်းကျပ်ခန့် အကျိုး အမြတ် ရရှိမည်ဖြစ်ပါသည်။ ယခင်နှစ် ကာလတူ မတ်ပဲတစ်တင်း ဈေးနှုန်း ၆၃၀၀၀ ကျပ်နှင့် နှိုင်းယှဉ်ပါက တစ်တင်းပျမ်းမျှ ၃၃၀၀၀ ကျပ်ခန့်ဈေးပိုရလျက်ရှိပါသည်။
မတ်ပဲစတင်စိုက်ပျိုးချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင်ပင် မတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၉၀၅၀၀ ကျပ် ဈေးပေါက်နေသဖြင့် တောင်သူများ စနစ်တကျ ဂရုတစိုက် စိုက် ပျိုးကြခြင်း၊ ရာသီဥတုကောင်းမွန်ခြင်း၊မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးလာကြခြင်းတို့ကြောင့် ယခုနှစ် မတ်ပဲအထွက်နှုန်းကောင်းမွန်လာပြီး တောင်သူများအကျိုးအမြတ် ပိုလာခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ဟင်္သာတပွဲရုံများသို့ မတ်ပဲများနေ့စဉ်ဝင်ရောက်လာပြီး၊ ဟင်္သာတကုန်စည် ဒိုင်တွင် နေ့စဉ် ပျမ်းမျှ အိတ် ၂၅၀၀ မှ ၃၀၀၀ ကြားအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(ဧရာဝတီ)