Main menu

ဝါစေ့ဆီနှင့်ကျန်းမာရေး

Powered by Drupal

           မြန်မာနိုင်ငံတွင် ၁၉၉၅-၁၉၉၆ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း နှစ်စဉ်ဝါသီးနှံစိုက်ဧက (၇)သိန်းမှ (၈)သိန်းကျော်ထိ စိုက်ပျိုးခဲ့ကြပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှစပြီး ဝါစိုက်ပျိုးဧကလျော့ကျလာကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝါစိုက်ပျိုးဧက (၄)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ဝါသီးနှံအနေဖြင့် တစ်ဧကအထွက်နှုန်းနှစ်ဆကျော် တိုးတက်လာသော်လည်း ဝါစိုက်ပျိုးမှုတိုးတက်လာစေရေးနှင့် ရေရှည် တည်တံ့ခိုင်မာသော ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိနေပါသည်။

         ဝါသီးနှံသည် အဝတ်အထည်ပစ္စည်းထုတ်လုပ်မှုအတွက် အရေးပါရုံသာမက ဝါစေ့မှလည်း ဝါစေ့ဆီထုတ်ယူ၍ စက်မှုလုပ်ငန်းသုံးဆီနှင့် စားသုံးဆီထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖက်ကိုလည်း တိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြုနိုင်ပါသည်။ ဝါပိဿာ(၁၀၀)ကို ကြိတ်ခွဲပါက ဝါဂွမ်း(၃၆)ပိဿာနှင့် ဝါစေ့(၆၄) ပိဿာခန့် ရရှိကြောင်းသိရသည်။ ဝါစေ့တွင် ဆီပမာဏ၁၅% မှ ၂၀%ခန့်ပါဝင်သည်။ ဝါစေ့ပိဿာ(၁၀၀) အား ကြိတ်ခွဲပါက ဝါစေ့ဆီ (၈)ပိဿာခန့် ရရှိကြောင်းသိရသည်။

      ဝါစေ့ဆီကို စားသုံးဆီအဖြစ်သာမက စက်မှုကုန်ကြမ်းအဖြစ်လည်းကောင်း၊ အခြားရည်ရွယ်ချက် များဖြင့်လည်းကောင်း သုံးစွဲမှုများရှိကြသည်။ ၁၈၈၀ ခုနှစ် ဝန်းကျင်တွင် ဝါစေ့ဆီကို ဆီမီးထွန်းညှိရန်သာ သုံးစွဲခဲ့ကြပါသည်။ ယခုအခါ ဝါစေ့ဆီကို စားသုံးရန်အဖြစ်လည်းကောင်း၊ ပိုးသတ်ဆေးအဖြစ်လည်း ကောင်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်ရာတွင်လည်းကောင်း၊ အသားအရည်ထိန်းသိမ်းရန် သုံးစွဲရသည့် အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊ ဗောက်ပျောက်ခေါင်းလျှော်ရည်နှင့် နေလောင်ခံခရင်များတွင် လည်းကောင်း သုံးစွဲကြသည်ကို တွေ့ရသည်။

          ဝါစေ့ဆီတွင် ကျန်းမာရေးအတွက် ကောင်းကျိုးအများအပြားရှိပါသည်။ ဝါစေ့ဆီတွင် ဗီတာမင် -E ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြားကို အာဟာရဖြည့်တင်းပေးနိုင်သည့်အတွက် အလှကုန် ပစ္စည်းများတွင် အသုံးပြုလာသည်ကို တွေ့ရပါသည်။ အသားအရည်စိုပြေမှုကို ထိန်းသိမ်းပေးနိုင်ပြီး antioxidant ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်း များဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။ အနာကျက်မြန်စေသောကြောင့် ဒဏ်ရာများမှာ လိမ်းပေးနိုင် ပါသည်။ အရည်ပြားဆဲလ်အသစ်များ ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်ပြီး ရောဂါပိုးမဝင်နိုင်အောင်လည်း အကာအကွယ်ပေးနိုင်ပါသည်။

          ဝါစေ့ဆီတွင်ပါဝင်သော Monounsaturated Fatနှင့် Polyunsaturated Fat နှစ်မျိုးသည် မှတ်ဉာဏ်တိုးမြှင့်လာစေခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါကို လျှော့ချနိုင်စေခြင်းတို့ကို အထောက် အကူပြုနိုင်ပါသည်။ အာရုံကြောရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်သကဲ့သို့ အသက်အရွယ်ကြောင့် မှတ်ဉာဏ်အားနည်းလာခြင်းကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါသည်။ နာကျင်ရောင်ရမ်းမှုကို သက်သာ စေနိုင်သောကြောင့် ဝါစေ့ဆီကို စားပေးခြင်း၊ လိမ်းပေးခြင်းဖြင့် အဆစ်ရောင်ခြင်း၊ အဆစ်လွဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်းတို့အတွက် သုံးစွဲနိုင်ပါသည်။

          ဝါစေ့ဆီသည် သွေးအတွင်း ကိုလက်စတောကို လျော့ချပေးနိုင်သောကြောင့် နှလုံးကျန်းမာရေးကို ထိထိရောက်ရောက် အထောက်အကူဖြစ်စေနိုင်ပါသည်။ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး သွေးကြော ဆိုင်ရာရောဂါ၊ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်ပြီး လေဖြတ်နိုင်ခြေကိုလည်းလျော့ချပေးနိုင်ပါသည်။ သို့သော် နှလုံးရောဂါကို လက်ရှိခံစားနေရသူများကတော့ နားလည်တတ်ကျွမ်းသော ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင်း သိရှိရသည်။

          ဝါစေ့ဆီတွင် သဘာဝအလျှောက်ပါဝင်နေသည့် Gossypolသည် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်သည်ကို စမ်းသပ်တွေ့ရှိမှုများရှိကြောင်း သိရှိရသည်။ ဆေးဝါးအများအပြားကို ခံနိုင်ရည် ရှိသော ကင်ဆာဆဲလ်များကို နှိမ်နင်းနိုင်သည်ဟု သိရှိရသည်။ အကျိတ်ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ပျံ့နှံ့မှုကို တားဆီးနိုင်ကြောင်းသိရသည်။ ထို့အပြင် ဆီကျိတ်ကင်ဆာဆဲလ်များအပေါ် ဓာက်ရောင်ခြည်သက်ရောက်မှုကို ပိုမိုကောင်းမွန်စေကြောင်း သိရှိရ သည်။

          ဝါစေ့ဆီသည် ဆံပင်သန်စွမ်းကျန်းမာမှုကို အထောက်အကူပြုနိုင်သည်ဟု ဆိုကြပါသည်။ ဆံသားအစိုဓာတ်ထိန်းသိမ်းပေးနိုင်ခြင်း၊ ဆံသားတွင် ပရိုတင်းဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဆံသားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခြင်း စသည့်ဂုဏ်သတ္တိများ ရှိပါသည်။

          ဝါစေ့ဆီသည် အစားအသောက်များကို တာရှည်အထားခံစေသည့်အတွက် အစားအသောက်များ ပြုလုပ်ရာတွင်လည်း သုံးစွဲကြပါသည်။ အကြော်များပြုလုပ်ရာတွင် ဝါစေ့ဆီကို အသုံးများကြသည်။ ထို့အပြင် မုန့်ဖုတ်လုပ်ငန်း Margarine ၊ Mayonnaise  နှင့် Fast Foodများတွင်လည်း သုံးစွဲကြပါသည်။ ဝါစေ့ဆီသည် အခြားဟင်းသီးဟင်းရွက်ဆီများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာသည့်အတွက် စီးပွားရေးအရ တွက်ချေကိုက်သော်လည်း ပြည့်ဝဆီပါဝင်မှုများခြင်းနှင့် သဘာဝအဆိပ်တစ်မျိုးဖြစ်သည့် Gossypol ပါဝင်နေခြင်းကြောင့် ကျန်းမာရေးနှင့် မညီညွတ်သောရွေးချယ်မှု တစ်ခုဖြစ်ကြောင်း  ပညာရှင်အချို့က ဆိုကြသည်။ သို့ပါ၍ ဝါစေ့ဆီကို စားသောက်ကုန်များတွင် အသုံးပြုမည်ဆိုပါက Gossypol ကို ဖယ်ရှားရန်လိုအပ်ပါသည်။ စနစ်တကျသန့်စင်ပြီး ဝါစေ့ဆီသည် စားသုံးရန်သင့်လျှော် ပါသည်။ သို့သော် သန့်စင်ထားခြင်းမရှိသည့် ဝါစေ့ဆီတွင် Gossypol ပါဝင်နေသည့်အတွက် အဆိပ် အတောက်ဖြစ်စေနိုင်ခြင်း၊ မျိုးပွားမှုဆိုင်ရာ ပြဿနာများဖြစ်စေနိုင်ခြင်းစသည့် ဆိုးကျိုးများရှိစေနိုင် ကြောင်းသိရသည်။ သို့ပါ၍ ကမ္ဘာ့နိုင်ငံအချို့တွင် စနစ်တကျသန့်စင်ထားခြင်းမရှိသည့် ဝါစေ့ဆီကို ဈေးကွက်တွင် ရောင်းချခြင်းမှ တားမြစ်ထားသည်ကို သိရပါသည်။

          သန့်စင်ပြီးဝါစေ့ဆီသည် သွေးအတွင်း ကိုလက်စတောကို လျှော့ချပေးနိုင်သော်လည်း ဝါစေ့ဆီ ကြမ်းတွင် ပြည့်ဝဆီပါဝင်မှုများနေသည့်အတွက် အသဲအဆီဖုံးခြင်းနှင့် နှလုံးရောဂါဖြစ်ပွားမှုုကို မြင့်တက်စေနိုင်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဝါစေ့ဆီကို သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် Gossypol ဖယ်ထုတ်ခြင်းသာမက ဟိုက်ဒရိုဂျင်ဖယ်ထုတ်ခြင်းကိုပါ ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး