Main menu

ဇီးတောကျေးရွာ၏ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့်ကျေးရွာများ၌ စပါး၊ ကုလားပဲ၊ ပဲကြီး၊ ပဲစင်းငုံ၊ မြေပဲ၊ ဝါသီးနှံများအပြင် ချဉ်ပေါင်၊ ကျောက်ဖရုံ၊ ဘူး၊ ရွှေဖရုံ၊ သခွား၊ ပြောင်း၊ ငရုတ်၊ ရုံးပတီ စသောမီးဖိုချောင်သုံးသီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

      ဇီးတောကျေးရွာ၌ ကုလားပဲစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၀၀)ဧကခန့်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးရာတွင် ကုလားပဲ(မြကြေး)မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဒီဇင်ဘာလ(ပထမပတ်)တွင် စတင်စိုက်ပျိုးပြီး (၃)လခွဲနှင့် (၄)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ မိမိအနေဖြင့် ကုလားပဲ(၃)ဧကစိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၃)တင်းခန့်ကုန်ကျပြီး ထွန်တုံးဖြင့် ထွန်ကြောင်းဆွဲကာ မျိုးစေ့ချ၍စိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် ကုလားပဲစိုက်ခင်းမှထွက်ရှိသည့် ကုလားပဲကို မျိုးအဖြစ်ဖယ်ချန်ကာ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးစဉ်တစ်လျှောက် မည်သည့်ပိုးသတ်ဆေးမှအသုံးမပြုဘဲ သဘာဝမြေသြဇာကိုသာအသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာမှုနှင့်အတူ မြေပြုပြင်ခ၊ လုပ်အားခနှင့် ရိတ်သိမ်းခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲစိုက်ခင်း(၁)ဧကလျှင် တင်း(၂၀) နီးပါးထွက်ရှိပြီး ယခုနှစ်တွင် (၁၇)တင်းသာထွက်ရှိကြောင်း၊ ယခင်နှစ်တွင်

     (၁) တင်းလျှင် အမြင့်ဆုံးဈေး ကျပ် (၉၇၀၀၀) အထိရရှိပြီး ယခုနှစ်တွင်လည်း ကုလားပဲပေါ်စအချိန် မတ်လ (ပထမပတ်) တွင် ယခင်နှစ်ဈေးနှုန်းအတိုင်းရရှိခဲ့ကြောင်း၊ မတ်လ (စတုတ္ထပတ်)တွင် ကုလားပဲ(၁)တင်းလျှင် ကျပ် (၈၀၀၀၀)ဈေးရရှိ၍ ယခုနှစ်တွင် အထွက်နှုန်းနည်းသော်လည်း ကုလားပဲစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိကာ ထိုက်သင့်သည့်အကျိုးအမြတ်များရရှိ၍ အဆင်ပြေလျက်ရှိကြောင်း၊ ထွက်ရှိသည့်ကုလားပဲများကို အထက်မင်းလှမြို့ရှိပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း ဇီးတောကျေးရွာတွင်နေထိုင်သည့် ကုလားပဲစိုက် တောင်သူ ဦးအောင်ဆန်းထံမှသိရှိရပါသည်။

DOCA(မကွေး)