မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ မင်းဂံ၊ ဇီးတော စသည့်ကျေးရွာများ၌ စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ဇီးတောကျေးရွာ၌ ဆောင်းသီးနှံအဖြစ် ပဲကြီးသီးနှံကိုစိုက်ပျိုးကြောင်းသိရှိရပါသည်။
ဇီးတောကျေးရွာ၌ ပဲကြီးစိုက်တောင်သူ(၁၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၀)ဧကခန့်ရှိကြောင်း၊ တောင်သူ ဦးအောာင်ဆန်းမှာ ၎င်းအနေဖြင့် ပဲကြီး(၁)ဧကစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ကြဲပက်စနစ်ဖြင့်စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ် ပဲကြီးစိုက်ခင်းမှထွက်ရှိသည့် ပဲကြီးစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ပဲကြီးကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)နှင့် နိုဝင်ဘာလ(ပထမပတ်)တို့တွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင်ခူးဆွတ်ရကြောင်း၊ ပဲကြီးမှာ ပိုးကြိုက်သောသီးနှံဖြစ်၍ စိုက်ပျိုးစဉ်တစ်လျှောက် ပိုးသတ်ဆေး၊ အားဆေး(၃)ကြိမ်စီပက်ဖြန်းပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ကျပ်(၁၅၀၀၀၀)ကုန်ကျခဲ့ပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခနှင့် ခူးဆွတ်ခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ အထွက်နှုန်းနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် (၁၅)တင်းခန့်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် (၁)ဧကလျှင် (၁၀)တင်းသာထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်၌ အဖွင့်ဈေးတွင် (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)ထိဈေးရရှိခဲ့ပြီး ယခုနှစ် ပဲကြီးပေါ်စအချိန် ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် (၁)တင်းလျှင် ကျပ်(၉၀၀၀၀)ခန့်သာရရှိကြောင်း၊ ယခုမတ်လ(စတုတ္ထပတ်)တွင် ပဲကြီးဈေးနှုန်းမှာ (၁)တင်းလျှင် ကျပ်(၈၀၀၀၀)ခန့်ရရှိကြောင်း၊ ယခုနှစ်တွင်မူ ဈေးနှုန်းမှာ အရနည်းကြောင်း၊ ထွက်ရှိသည့်ပဲကြီးများကို အထက်မင်းလှမြို့ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဇီးတောကျေးရွာနေ ပဲကြီးစိုက်တောင်သူ ဦးအောင်ဆန်းထံမှသိရှိရပါသည်။
DOCA(မကွေး)