အိန္ဒိယနိုင်ငံတွင် ပြည်ပသို့ ကြက်သွန်တင်ပို့ခြင်းကို ၃၁-၃-၂၀၂၄ နေ့အထိ တားမြစ်ပိတ်ပင်ထားရှိရာ ထိုသို့ ပိတ်ပင်ထားရှိမှုကို အဆိုပါနေ့ရက်နောက်ပိုင်းတွင်လည်း နောက်ထပ်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီ အချိန်အထိ ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဌာနက ၂၂-၃-၂၀၂၄ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလအထိ အိန္ဒိယ၏ ကြက်သွန်နီတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၃၁.၇၈ သန်းရှိပြီး ၎င်းပမာဏတွင် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှု တန်ဖိုး ဒေါ်လာ ၁၈၇.၅ သန်းနှင့် သီရိလင်္ကာသို့ တင်ပို့မှုတန်ဖိုး ဒေါ်လာ ၄၈.၁၂ သန်း အသီးသီး ပါဝင်ခဲ့သည်။
အိန္ဒိယအစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ မှစတင်၍ ချမှတ်ခဲ့ပြီး ပြည်ပနိုင်ငံ အစိုးရများမှ တောင်းဆိုလာပါက ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် တင်ပို့ခြင်းကိုမူ ခွင့်ပြုထားခြင်းဖြစ်သည်။ မတ်လအစောပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ တန်ချိန် ၅၀၀၀၀ နှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ ကြက်သွန်နီ ၁၄၄၀၀ တန်တို့ကို အမျိုးသားသမဝါယမပို့ကုန်လီမိတက်မှတစ်ဆင့် တင်ပို့ရန် အစိုးရက ခွင့်ပြုခဲ့သည်။
ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းများ ကြီးမြင့်နေမှုကို ထိန်းချုပ်ဆောင်ရွက်မှုအဖြစ် အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် ၄၀% ကောက်ခံရန် ယခင်နှစ် ဩဂုတ်လ၌ ချမှတ်ခဲ့သည်။ ထို့အပြင် ၂၈-၁၀-၂၀၂၃ နေ့မှ ၃၁-၁၂-၂၀၂၃ နေ့အထိ ကာလအတွင်း ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်ကို ၁ တန်လျှင် ဒေါ်လာ ၈၀၀ နှုန်း ချမှတ်ထားရှိခဲ့သည်။
Source: Economic Times, 24 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)