Main menu

အထက်မင်းလှမြို့နယ်၏ ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရှိရပါသည်။

        မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာ လျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၆၀၀၀-၇၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ကွမ်းစားထုံး (၁)လီတာ(၁)ဘူးလျှင် ကျပ်(၉၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၃၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန်(၁၀)ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရကြောင်း၊ ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်းမှာ မတည်ငြိမ်သော်လည်း ယခုမတ်လ(တတိယပတ်)တွင် ကွမ်းသီးဈေးနှုန်းနှင့် အခြားကွမ်းပစ္စည်းဈေးနှုန်းများမှာ တည်ငြိမ်နေပြီး ကွမ်းရွက်ဈေးနှုန်းမှာ သယ်ယူရသည့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည့်အပြင် ကွမ်းခြံများမှာလည်း ကွမ်းရွက်များလှိုင်လှိုင်ထွက်ရှိနေသောကြောင့် မတ်လ(တတိယပတ်)တွင် အကျဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)