Main menu

ကောက်ရိုးမှိုစိုက်ပျိုး အပိုဝင်ငွေတိုး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ပန်းတော်ပြင်ကျေးရွာ၌ ကောက်ရိုးမှိုကို တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ‌ကြောင်းသိရှိရပါသည်။

     ကောက်ရိုးမှိုကို နေရာဒေသမရွေးစိုက်ပျိုးနိုင်ပြီး ၎င်းမှာ ပူအိုက်စိုစွတ်သောသဘာဝကို ကြိုက်နှစ်သက်သည့် မှိုတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ စိုက်ပျိုးရာတွင် အလျား(၇)တောင်၊ အနံ(၃)တောင်ရှိသော မှိုစိုက်ပေါင်တစ်ခုပြုလုပ်ရပြီး ဘေးပတ်လည်မှ အကျယ်(၅)လက်မ၊ အနက်(၅)လက်မခန့်ရှိသော မြောင်းကျင်းတစ်ခုတူးပေးရကြောင်း၊ မှိုစိုက်ပေါင်တစ်ခုအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ နွားချေး(၁၂)တင်း၊ ဂျပ်စက္ကူ(၁၀)ပိဿာ၊ ဝါးတစ်လုံး၊ ပလတ်စတစ်အကြည်၊ မြေတွင်းပိုးသတ်ဆေး၊ မှိုမျိုးနှင့်အော်ဂဲနစ်ဖြည့်စွက်စာအားဆေးများဖြစ်ကြောင်း၊ ပထမဦးစွာ မှိုစိုက်မည့်မြေနေရာကို သေချာရှင်းလင်းပြီး မြေတွင်းပိုးသတ်ဆေးဖြန်းပေးရကြောင်း၊ ပိုးသတ်ဆေးဖြန်းထားသည့်အပေါ်သို့ နွားချေး(၁၀)တင်းခန့်ဖြန့်ခင်းထားပြီး ၎င်းနွားချေးပေါ်မှ ရေစိမ်ထားသော ဂျပ်စက္ကူ (၁၀)ပိဿာအား ချေမွ၍ဖြန့်ထားပေးရကြောင်း၊ ဂျပ်စက္ကူများအပေါ်မှ မှိုမျိုး(၆)ထုပ်ခန့်ကို အော်ဂဲနစ်ဖြည့်စွက်စာအားဆေးထုပ်(၂)ထုပ်နှင့်ရော၍ချေမွကာ ညီညာစွာဖြူးထားပေးပြီး ထပ်မံ၍ ကျန်ရှိသောနွားချေး(၂)တင်းအား အပေါ်မှဖြန့်ခင်းပေးရကြောင်း၊ ထို့နောက် ရေငါးဂါလံ (၂)ပုံးခန့်ပက်ဖြန်းပေးရကြောင်း၊ မှိုစိုက်ပေါင်အပေါ်တွင် လေလုံအောင် တစ်ပေခွဲခန့်ရှိသော ပလတ်စတစ်အကြည်ပေါင်းမိုတစ်ခုပြုလုပ်ကာ ထိုအမိုးပေါ်မှ အရိပ်ရစေရန်အတွက် သက်ကယ်ထပ်မံမိုးထားပေးရကြောင်း၊  ၎င်းသက်ကယ်ပေါ်မှ ရေငါးဂါလန်(၅)ပုံးခန့်လောင်းပေးရကြောင်း၊ စိုက်ပျိုးစဉ်တစ်လျှောက် ရာသီဥတုအပေါ်မူတည်၍ တစ်နေ့လျှင် ရေ(၃)ကြိမ်မှ (၆)ကြိမ်အထိလောင်းပေးရကြောင်း၊ မှိုစိုက်ပေါင်တစ်ခု၏ ကုန်ကျစရိတ်မှာ ကျပ်(၄၅၀၀၀)ခန့်ကုန်ကျကြောင်း၊ မှိုမျိုးကို မကွေးမြို့မှဝယ်ယူကြောင်းသိရှိရပါသည်။

       စိုက်ပျိုးပြီးနောက် (၂)ပတ်ခန့်အကြာတွင် ဈေးကွက်ဝင်ကောက်ရိုမှိုများစတင်ခူးဆွတ်၍ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ မှိုစိုက်ပေါင်(၁)ခု၏သက်တမ်းမှာ (၁)လခန့်ကြာမြင့်ပြီး ၎င်းသက်တမ်းအတွင်း မှိုကို (၂)ကြိမ်မှ (၃)ကြိမ်အထိခူးဆွတ်နိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မှိုစိုက်ပေါင် (၁)ပေါင်လျှင် အနည်းဆုံး(၇)ပိဿာမှ (၁၄)ပိဿာထိထွက်ရှိကြောင်း၊ မှုစိုက်တောင်သူအနေဖြင့် မှိုစိုက်ပေါင်(၁၀)ခုပြုလုပ်ထားကြောင်း၊ မှိုတစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၈၀၀၀)ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် မလွန်၊ မင်းလှ၊ ဘက်စုံ၊ PIC ရှိဈေးများသို့ တင်ပို့ရောင်းချကြောင်း ပန်းတော်ပြင်ကျေးရွာနေ မှိုစိုက်ပျိုးသူ ဦးသိန်းထိုက်ထံမှသိရှိရပါသည်။

DOCA(မကွေး)