Main menu

ပခုက္ကူစက်မှုဇုန်မှ ဆီစက်များအား ကွင်းဆင်းမေးမြန်း

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများသည် (၇.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူစက်မှုဇုန်ရှိ အကြီးစား၊ အလတ်စား ဆီစက်လုပ်ငန်းများ၏ လအလိုက်ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် ယခင်နှစ်ယခုနှစ် ကြိတ်ခွဲထုတ်လုပ်နိုင်မှုများကို မေးမြန်းရန်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          စက်မှုဇုန်ရှိ အကြီးစားဆီစက်လုပ်ငန်းများဖြစ်သော (SSS)ဆီစက်၊ ဂရိတ်ဆီစက်နှင့် ရွှေပြည်သာဆီစက် လုပ်ငန်းများမှ ယခင်နှစ်ထက်ယခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများမှစ၍ ပိုမို ထုတ်လုပ်လာနိုင်ခဲ့ကြောင်း၊ စားအုန်းဆီဈေးမြင့်မားလာသည်နှင့်အမျှ စက်ပဲဆီသုံးစွဲမှု ပိုမိုများပြားလာကြောင်း၊ ယခင်နှစ်များက တစ်နေ့လျှင်ဆီစက်များ နေ့ဝက်သာလည်ပတ်ခဲ့ပြီး  ယခုနှစ်များတွင် အလုပ်သမားများအား အဆိုင်း(၂)ဆိုင်းခွဲ၍ လည်ပတ်နေရကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ ယခင်နှစ်များမှ တစ်နေ့လျှင် ဆီပီပါ (၈)လုံးသာ ထုတ်ခဲ့ပြီး ယခုလများတွင် တစ်နေ့လျှင် ဆီပီပါ (၁၄)လုံးမှ အများဆုံး(၁၅)လုံးထိ ပိုမိုထုတ်လုပ်လျက်ရှိပါကြောင်း၊ လုပ်သားများ၏ လုပ်အားခမှာလည်း နေ့ဆိုင်းလုပ်သားခ တစ်ဦးလျှင် (၈၀၀၀)ကျပ်၊ ညဆိုင်းလုပ်အားခ တစ်ဦးလျှင်(၁၀၀၀၀)ကျပ်ဖြင့် လည်ပတ်လျက်ရှိပါကြောင်း ဆီကုန်သည်များထံမှ သိရှိရပါသည်။

          အကြီးစားစက်ပဲဆီ၏ ဈေးကွက်မှာလည်း ပခုက္ကူမြို့သာမက အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချခြင်းများလည်းရှိပါကြောင်း၊ စက်ပဲဆီဈေးနှုန်းအနေဖြင့် ယခင်နှစ်များက မြေပဲဆံ တစ်ပိဿာလျှင် (၂၆၅၀)ကျပ် ဖြစ်၍ စက်ပဲဆီ တစ်ပိဿာလျှင် (၅၅၀၀)ကျပ် ဈေးဖြစ်ပြီး၊ ယခုနှစ်တွင် မြေပဲဆံတစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဖြစ်ပြီး စက်ပဲဆီ တစ်ပိဿာလျှင် (၅၈၀၀/၅၉၀၀) ကျပ် ဈေးဖြင့် ရောင်းချနေကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          ဆီကြိတ်ရာတွင် မြေပဲဆံကို အောင်လံ၊ ကျောက်ပန်းတောင်းနှင့် မြင်းခြံနယ်များမှ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စက်ပဲဆီကြိတ်ရာမှ ထွက်ရှိလာသော မြေပဲ ဖတ်များကိုလည်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဆီကုန်သည်များထံမှ သိရှိရပြီး မြေပဲဆီသာမက နှမ်းဆီများလည်း မကြာခဏကြိတ်ခွဲရကြောင်း၊ နှမ်းဆီကြိတ်ရာတွင် နှမ်းနီ၊ နှမ်းညိုနှင့် စပ်ကြားနှမ်းများကို အသုံးပြုပြီး နှမ်းတစ်တင်းလျှင် ဆီ(၆)ပိဿာထွက်ရှိပါကြောင်း၊ ဆီကြိတ်ရာမှ ထွက်ရှိလာသော နှမ်းဖတ်များကိုလည်း ကျောက်ဆည်နယ်ရှိ အစာစပ်စက်ရုံများသို့ တစ်ပိဿာလျှင် (၁၂၀၀)ကျပ်ဖြင့်ပြန်လည်ရောင်းချရပါကြောင်း၊ နှမ်းဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါ သည်။

          နိုင်ငံတော်မှ ပြည်သူများ စားအုန်းဆီသုံးစွဲမှုလျော့ချရန် စားအုန်းဆီအစား မြေပဲဆီ၊ နှမ်းဆီများ ပြောင်းလဲသုံးစွဲလာရေးအတွက် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျော့ချလာမှုအပေါ် ပြည်တွင်းဆီစက်များ အရှိန်အဟုန်နှင့် ကြိတ်ခွဲထုတ်လုပ်လာနိုင်ကြောင်း၊ မိမိဒေသရှိ လုပ်သားများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အချိန်ပြည့် ကြိတ်ခွဲထုတ်လုပ်မှုမှ ထွက်ရှိသော စားသုံးဆီအားလည်း ရောင်းချနေရကြောင်း၊ မြေပဲဆံ တစ်ပိဿာ(၂၉၀၀-၃၀၀၀-၃၁၀၀)ကျပ်ဈေးဖြင့် ဝယ်ယူရောင်းချနေရခြင်းကြောင့် စိုက်ပျိုးတောင်သူ များလည်း အဆင်ပြေကြောင်း၊ စားသုံးသူပြည်သူများမှလည်း စားအုန်းဆီဈေးနှင့် စက်မြေပဲဆီ ဈေးနှုန်းကွာဟမှုသိပ်မရှိခြင်းကြောင့် စက်မြေပဲဆီကိုသာ ပိုမိုစားသုံးလာကြောင်း၊ လျှပ်စစ်မီးအား အချိန်မှန်ရရှိပါက ကြိတ်ခွဲထုတ်လုပ်မှု/ရောင်းချနိုင်မှုမှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်းနှင့် မီးမရရှိပါက အင်ဂျင်ဖြင့်လည်ပတ်ရမည်ဆိုလျှင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် စက်မြေပဲဆီ ဈေးတက်လာနိုင်ဖွယ်ရှိကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး