Main menu

ပဲနက်စေ့ (ခေါ်) မောင်မခေါ်ပဲများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့်ကျေးရွာများ၌ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဝါ၊ နှမ်း၊ ပဲကြီး၊ မြေပဲနှင့် စားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ဇီးတောကျေးရွာတွင် ပဲနက်စေ့ (ခေါ်) မောင်မခေါ်ပဲစိုက်တောင်သူများဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

      ဇီးတောကျေးရွာ၌ ပဲနက်စိုက်တောင်သူ(၁၅)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၂၅)ဧကခန့်ရှိကြောင်းသိရှိရပါသည်။ စိုက်ပျိုးရာတွင် (၁)ဧကလျှင် မျိုး(၈)ပြည်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် ပဲနက်စိုက်ခင်းမှထွက်ရှိသည့် ပဲနက်စေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ လယ်မြေတွင် ကြဲပက်စနစ်ဖြင့်စိုက်ပျိုးပြီး ကိုင်းမြေတွင် ထွန်တုံးဖြင့်ကြောင်းဆွဲကာ အစေ့ချစနစ်ဖြင့်စိုက်ပျိုးကြောင်း၊ လယ်မြေများ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင်စိုက်ပျိုးပြီး ကိုင်းမြေများတွင်မူ နိုဝင်ဘာလ၌ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၅)လအကြာတွင် ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် (၁၀)တင်းသာထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်၍ (၁၅)တင်းအထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ကျပ်(၂၀၀၀၀၀) သာကုန်ကျပြီး ယခုနှစ်တွင်မူ သွင်းအားစုစရိတ်မြင့်တက်လာ၍ လုပ်အားခ၊ မြေပြုပြင်ခနှင့် အသီးအပွင့်အားဆေးအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ပဲနက်(၁)တင်းလျှင် အမြင့်ဆုံးဈေးအနေဖြင့် ကျပ်(၆၀၀၀၀)ရရှိခဲ့ပြီး ယခုနှစ်တွင် ပဲနက်ပေါ်ခါစအချိန် ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၉၅၀၀၀) အထိဈေးရရှိကြောင်း၊ ယခုဧပြီလ(ပထမပတ်)တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းကာ (၁)တင်းလျှင် ကျပ်(၈၀၀၀၀) ဈေးရရှိကြောင်း၊ ယခုနှစ်တွင် ပဲနက်စေ့ (ခေါ်) မောင်မခေါ်ပဲမှာ ယခင်နှစ်ထက် အထွက်နှုန်းနှင့် ဈေးနှုန်းမှာကောင်းလျက်ရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိကာ အဆင်ပြေလျက်ရှိကြောင်း  ဇီးတောကျေးရွာနေ ပဲနက်စေ့စိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)