Main menu

“အုန်းပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ နှစ်ရှည်သီးနှံများဖြစ်သည့် သရက်၊ မာလကာ၊ လျော်ဖြူနှင့် အုန်းပင်များကိုလည်းစိုက်ပျိုးကြပါသည်။ ၄င်းသီးနှံများအနက် အုန်းသီးပင်ကို ကျောက်ဆည်မြို့နယ်တွင် (၂၃)ဧက၊ စဉ်ကိုင်မြို့နယ်တွင် (၁၂)ဧက၊ မြစ်သားမြို့နယ်တွင် (၉၃)ဧက၊ စုစုပေါင်း (၁၂၈)ဧကစိုက်ပျိုးထားရှိပြီး ဧကအားလုံး အုန်းသီးများထွက်ရှိလျက်ရှိပါသည်။ အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးပြီး (၆-၇)နှစ်တွင် အသီးများစတင်ခူးဆွတ်ရောင်းချရကြောင်း၊ အုန်းပင်တစ်ပင်တွင် အုန်းဆီ(၁၀-၁၂)လုံးပါ အခိုင်(၃-၄)ခိုင်သီးကြောင်း၊ အုန်းပင်သည် တစ်နှစ်ပတ်လုံးသီးသော အပင်မျိုးဖြစ်ပြီး အညာဒေသတွင် အများဆုံးစိုက်ပျိုးသောမျိုးမှာ ပင်မြင့်မျိုးများဖြစ်သည်။ ပင်မြင့်မျိုးတွင် အလုံးကြီးမျိုးနှင့် အလုံးသေးမျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ အလုံးကြီးမျိုးကို ရိုးရာနတ်ဖြစ်သော အိမ်တွင်းအုန်းဆွဲရန်အတွက် ဝယ်ယူအသုံးပြုကြပြီး အလုံးသေးမျိုးကို အုန်းရေသောက်သုံးရန်နှင့် အုန်းဆံနုနုလေးများစားသုံးရန်အတွက် ဝယ်ယူအသုံးပြုကြပါသည်။ အုန်းသီးရောင်းချရန်အတွက် အုန်းသီးကို အုန်းပင်ပေါ်မှချရပါသည်။ အုန်းသီးချရန်အတွက် အုန်းပင်တက်အလုပ်သမားကို အုန်းပင်တစ်ပင်လျှင် (၅၀၀၀/-)ကျပ်ပေးရကြောင်း၊ နတ်အုန်း၊ ကန်တော့ပွဲအုန်းသီးတစ်လုံးလျှင် (၂၅၀၀/-)ကျပ်ဖြင့် ရောင်းချကြောင်း၊ အုန်းစိမ်းရေသောက်ရန်နှင့် အုန်းစိမ်းနုနုလေးများစားသုံးရန်အတွက် အုန်းသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀)ကျပ်၊ အုန်းသီးခြောက်တစ်လုံးလျှင် (၂၀၀၀/-) ကျပ်စျေးနှုန်းရှိကြောင်း၊ အုန်းပင်ခြေရင်းအထိ လာရောက်ဝယ်ယူသော ပွဲစားများအား နတ်အုန်း၊ ကန်တော့ပွဲအုန်းသီးတစ်လုံးလျှင် (၂၀၀၀/-)ကျပ်၊ အုန်းရေနှင့် အုန်းသီးနုစားရန် အုန်းသီးတစ်လုံးလျှင် (၇၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းချရကြောင်း၊ အုန်းပင်မှာ နှစ်ရှည်ပင်ဖြစ်သည့်အတွက် ဝင်ငွေတစ်လုံးတစ်ခဲတည်းမရရှိသော်လည်း မိသားစုမိဖိုးချောင်စရိတ်ကာမိကြောင်း၊ အုန်းပင်စိုက်ပျိုးထားလျှင်သားတစ်ယောက်ရှိသကဲ့သို့ အားကိုးရကြောင်း၊ အုန်းပင်သည် တစ်ပင်လုံးအသုံးဝင်ကြောင်း၊ အုန်းလက်အစိုကို ကွမ်းခြံများမှ အမိုး၊ အကာအတွက် လာရောက်ဝယ်ယူကြောင်း၊ အုန်းလက်အစိုတစ်လက်လျှင် (၃၀၀-၅၀၀)ကျပ်အထိရောင်းချရပြီး အုန်းလက်အခြောက်ကို ဘေးသားများဖယ်၍ အလယ်ရိုးတံလေးများစုကာ အုန်းတံမြက်စည်းလုပ်၍ရောင်းချရကြောင်း၊ အုန်းဆံ(၈၀၀-၁၀၀၀)ထိပါသော အုန်းတံမြက်စည်းတစ်ချောင်းလျှင် (၆၀၀၀/-)ကျပ်အထိရောင်းချရကြောင်း၊ အုန်းရေသောက်သုံးပါက သွေးလည်ပတ်မှုမှန်ကန်ပြီး ဆီးရွှင်ကြောင်း၊ ဆီးချိုသမားများသောက်သုံးပါက သွေးတွင်းသကြားဓာတ်လျော့ကျစေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)