Main menu

“ ရမည်းသင်းစပျစ်များ ယခင်နှစ်ထက် ဈေးကောင်းရ ”

Powered by Drupal

     ရမည်းသင်းမြို့နယ်ရှိ ရွာတန်းရှည် ၂၄ရွာ၊ သိမ်ကုန်း၊ မြို့လှတောင်ကဲကြီးကျေးရွာတွင် စပျစ်စိုက်ပျိုးခြင်းကို ဥယျာဉ်ခြံလုပ်ငန်းအနေဖြင့် စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စပျစ်စိုက်ဧက (၃၂၀၀၀) ကျော်ရှိပါသည်။ စပျစ်ကို အောက်တိုဘာလမှ ဒီဇင်ဘာလထိစိုက်ပျိုးကြပြီး မြေအနေအထားနှင့် ပြုစုမှုကောင်းပါက (၁၅) နှစ်ထိ အပင်သက်တမ်းရှိသည့် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပါသည်။ စပျစ်ကို ဇန်နဝါရီလတွင် စတင်ခူးဆွတ်ရပြီး ငါးလခန့်ကြာအောင်ခူးဆွတ်ရကြောင်း၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် လှိုင်လှိုင်ခူးဆွတ်ရပါသည်။ ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးသည့်စပျစ်အမျိုးအစားမှာ စားစပျစ်နှင့် ဝိုင်စပျစ်ဟူ၍ (၂) မျိုးရှိပြီး၊ အီတလီ No.3 အလုံးကြီး၊ အချွန်သီး BQ (အညို) ၊ BK (အမဲ) ဂျပန်စိမ်း စသည့်စပျစ်များကိုစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် အပင် (၇၀၀) ခန့်ထိစိုက်ပျိုးနိုင်ပြီး စတင်စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် သိန်း (၁၅၀) ကျော်ကုန်ကျပြီး၊ နောက်နှစ်များတွင် အပင်ပြုစုခြင်း၊ သွင်းအားစု၊ ရေသွင်းခြင်းအတွက် သိန်း(၆၀) ခန့်သာကုန်ကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ ပိဿာ (၈၀၀၀) ခန့်ထိထွက်ရှိပြီး ခြံပိုင်ရှင်များက ပွဲရုံများသို့ တိုက်ရိုက်ချိတ်ဆက်ပြီး ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်၊ နေပြည်တော်၊ မကွေး၊ ပဲခူး စသည့်မြို့များသို့ တင်ပို့ကြပါသည်။ လက်ရှိဈေးကွက်တွင် ခြံလက်ကားဈေးတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀) ကျပ်ဈေးနှုန်းရှိပြီး၊ ယခင်နှစ်ခြံလက်ကားဈေးတစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀) ကျပ်ဈေးနှုန်းခန့်သာရှိကြောင်း၊ လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် (၈၀၀၀-၁၀၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ခြံလက်ကားဈေးမှာ ယခင်နှစ်ထက် အနည်းငယ်ပိုမိုရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း၊ စပျစ်ကို အခိုင်လိုက်ရောင်းချခြင်းအပြင် တန်ဖိုးမြင့်ထုတ်ကုန်စပျစ်ဝိုင်အဖြစ်လည်းထုတ်လုပ်ကြပါသည်။ ဝိုင်အတွက် စိုက်ပျိုးသည့်စပျစ်များကို ကုမ္ပဏီနှင့်ချိတ်ဆက်ရောင်းချကြပြီး ဝိုင်ထုတ်လုပ်သူအနည်းငယ်သာရှိသောကြောင့် ဝိုင်တစ်ပုလင်းလျှင် (၁၂၀၀၀) ကျပ်ခန့်ဖြင့်ရောင်းချကြသည်။ ဝိုင်များကို ဒေသတွင်းရှိ စားသောက်ဆိုင်များ၊ အဖျော်ယမကာဆိုင်များအပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ အဓိကတင်ပို့ရောင်းချကြပါသည်။ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် MSMEs စီးပွားရေးလုပ်ငန်းများအဖြစ် ရေရှည်အာမခံချက်ရှိအောင် တန်ဖိုးမြင့်ထုတ်ကုန်စပျစ်ဝိုင်များကို ဈေးကွက်ပိုမိုချဲ့ထွင်ပြီး လုပ်ငန်းများပိုမိုတိုးတက်လာစေရန် တိုင်းဒေသကြီး/ ပြည်နယ်များတွင်ပြုလုပ်သော ကုန်စည်ပြပွဲများ၌ ဝင်ရောက်ပြသလျက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)