Main menu

ဆိပ်ဖြူကုန်စည်ဒိုင်၌ ဇန်နဝါရီလအတွင်း ကြက်သွန်နီ စီးဆင်းမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပြည်တွင်းကုန်သွယ်မှုနှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် (၆.၂.၂၀၂၂)ရက်နေ့၊  နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားလုပ်ငန်းရှင် နှင့်တွေ့ဆုံပြီး ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်တွင် မိုးစိုက်(ဥစိုက်) ကြက်သွန်နီ(အသစ်)များ ဝင်ရောက်လာမှုနှင့် ပြန်လည်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေအား ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။

                ကုန်စည်ဒိုင်အသင်းဝင်မှ ကြက်သွန်နီကို မြန်မာ နိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အဓိကထားပြီး စိုက်ပျိုးကြောင်း ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်တွင် ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်တို့တွင် စိုက်ပျိုးကြောင်း၊ ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်း၊ မိမိတို့ဒေသထွက် ကြက်သွန်နီနှင့် အခြားသီးနှံမျိုးစုံ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် ဆိပ်ဖြူမြို့တွင် ကုန်စည်ဒိုင်ကို(၂၀၁၁)ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် အသင်းဝင်(၇၀)ဦးခန့်ဖြင့် ဖွဲ့စည်း ထားကြောင်း၊ ဆိပ်ဖြူကုန်စည်ဒိုင်သည် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာတွင် ပြည်တွင်းသာမက ပြည်ပအထိ အရောင်းအဝယ်ပြုလုပ်သော ကုန်စည်ဒိုင်ဖြစ်ကြောင်း၊ ကြက်သွန်နီသီးနှံတစ်မျိုးတည်း သာအရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူကြက်သွန်နီသည် မြန်မာ့ကြက်သွန်နီဈေးကွက်တွင် ထုတ်ကုန်အရည်အသွေးအနေဖြင့် ဒုတိယအဆင့်တွင်ရှိကြောင်း၊ ဆိပ်ဖြူကြက်သွန်နီဟုဆိုလျှင် စားသုံးသူတိုင်းသိရှိပြီး ဈေးကွက်တွင် အခိုင်အမာရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ကြက်သွန်နီ မိုးစိုက်(ဥစိုက်)အသစ်များ သီးနှံပေါ်စ ဇန်နဝါရီလဆန်းပိုင်းမှစ၍ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီအသစ်ပိဿာ(၅၀၀၀၀)ခန့် စီးဝင်လျက်ရှိကြောင်း၊ တစ်လအတွင်း ပိဿာ(၁၅) သိန်း ဝန်းကျင်ခန့် စီးဝင်ကြောင်း၊ ဆိပ်ဖြူမြို့နယ် ကြက်သွန်နီစိုက် တောင်သူအချို့သည် ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချခြင်းမရှိဘဲ တောင်သူ(၅)ဦးခန့်စုပြီး ရန်ကုန်(ဘုရင့်နောင်)ပွဲရုံသို့ တိုက်ရိုက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

                 ကုန်စည်ဒိုင်သို့ ကြက်သွန်နီ(အသစ်)များ အဓိကစီးဝင်လာသည့်ဒေသများမှာ စိုက်ဧကများသော ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ ဇီးကပ်၊ ရွာသာအေး၊ ချင်းတောင်၊ အောက်ဆိပ်၊ ဂွေးပင်ချောင်း၊ ဆူးလေကုန်းစသည့် ကျေးရွာများနှင့် ချောက်မြို့နယ်၊ ပဒေသာကျွန်း ကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်း ဈေးကွက်များမှာ သီးနှံအရည်အသွေးလိုက်၍ ဈေးနှုန်းမှာမတူညီကြောင်း၊ သီးနှံပေါ်စ ဇန်နဝါရီလ ပထမပတ်တွင် ထိပ်စအမြင့်ဈေး (၆၅၀)ကျပ်၊ အနိမ့်ဈေး(၁၀၀)ကျပ်၊ တတိယပတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ(၅၀၀)ကျပ်၊ အနိမ့်စ(၁၀၀)ကျပ် ဈေးနှုန်းများရှိကြောင်း၊ ဇန်နဝါရီလအတွင်း ပျမ်းမျှကြက်သွန်နီ(အသစ်) တစ်ပိဿာရောင်းဈေးမှာ ထိပ်စအမြင့်ဈေး(၅၅၀)ကျပ်နှင့် အနိမ့်ဈေး (၁၀၀)ကျပ်ဖြင့် ဆိပ်ဖြူမြို့နယ် ကြက်သွန်နီရောင်းဝယ်ရေး ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

                ယခင်နှစ် ဇန်နဝါရီလအတွင်း ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းဈေးကွက်မှာ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ထိပ်စအမြင့်ဈေးမှာ (၂၀၀)ကျပ်မှ အသေးနုပ်အနိမ့်စ (၅၀)ကျပ်ဈေးနှုန်းဖြစ်ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီ(အသစ်) ပိဿာ(၁၀၀၀၀၀) ခန့် စီးဝင်လျက်ရှိရာ ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်လျှင် ဝယ်လိုအားနည်း၍ ဈေးကွက်ကောင်းမွန်မှု မရှိခြင်းကြောင့် ယခင်နှစ်ထက် စီးဝင်ရောက်မှုထက်ဝက်နီးပါး ခန့်လျော့နည်းသွားကြောင်း လေ့လာသုံးသပ်ရပါသည်။

             ကုန်စည်ဒိုင်သို့ ဇန်နဝါရီလအတွင်း စီးဝင်လျက်ရှိသော မိုးစိုက်(ဥစိုက်) ကြက်သွန်နီ(အသစ်) များကို တင်ပို့ဖြန့်ဖြူးရာတွင် ရန်ကုန်(ဘုရင့်နောင်)ပွဲရုံ၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်၊ မြဝတီ၊ စစ်တွေ မြို့များသို့ တင်ပို့လျက်ရှိပြီး ပို့ကုန်အများဆုံးအနေဖြင့် ရန်ကုန်(ဘုရင့်နောင်)ပွဲရုံသို့ တင်ပို့လျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း ဆိပ်ဖြူကုန်စည်ဒိုင်မှ ဈေးဖြတ်ပြီး ကုန်သည်ပွဲစားများမှ ဝယ်ယူ၍ ထိုမှတစ်ဆင့် ပြည်တွင်းနေရာအနှံ့အပြားသို့ (၃၅)ပိဿာဝင်အိတ် (၄၂၈၁၇)အိတ်၊ (၂၄၄၉)တန်ခန့် ကို (၁၂)ဘီး/(၆)ဘီး မော်တော်ယာဉ်များဖြင့် စီးထွက်လျက်ရှိကြောင်း သိရှိရပါသည်။

                ယခုနှစ်ကြက်သွန်နီ  (အသစ်)ဈေးနှုန်းမှာ သင့်တင့်မှုရှိသော်လည်း စိုက်ပျိုးရာတွင် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းတို့ ကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း၊ ရောင်းလိုအားကောင်းသော်လည်း ဝယ်လိုအားနည်း၍ ဈေးကွက်နည်းကြောင်း၊ တောင်သူလယ်သမားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ခြင်းဖြင့် ကြက်သွန်နီ အခြေခံရည်ညွှန်းဈေးနှုန်းကို အမြန်ဆုံးသတ်မှတ်ပေးနိုင်ပါက စိုက်ဧကရာခိုင်နှုန်းများလာပြီး ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးတောင်သူ၏ ပြောကြားချက်အရသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး