စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဝန်ထမ်းများသည် (၄-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီမှ နံနက်(၁၁:၀၀)နာရီအချိန်ထိ မကွေးမြို့၊ မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ(စည်ပင်သာယာရေးအဖွဲ့)တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းရှိ ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab ဖြင့် စစ်ဆေးခဲ့ပါသည်။
မျှစ်အချဉ်စိမ်(အနီ)၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ပဲတီချဉ်၊ ချင်းပေါက်၊ ပဲနီလေး၊ ငါးပိထောင်း၊ ပဲပြား၊ ပိန္နဲသီး၊ ပိတ်ဆွယ်၊ မုန့်ဟင်းခါးဖက်၊ ခေါက်ဆွဲဖက်၊ အမဲချိုငါး၊ ပေါက်ပေါက်ထန်းလျက် စသည့် ကုန်စည်နမူနာ (၁၅)မျိုးကိုဝယ်ယူခဲ့ပြီး ပဲပြား၊ ပိန္နဲသီး၊ ပိတ်ဆွယ်၊ မုန့်ဟင်းခါးဖက်၊ ခေါက်ဆွဲဖက်နှင့် ပေါက်ပေါက်ထန်းလျက်တို့အား မြို့မစျေး၌ပင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile Lab ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ချင်းပေါက်၊ ပိန္နဲသီးစိပ်နှင့် ပေါက်ပေါက်ထန်းလျက်တို့တွင် သုံးစွဲရန်ခွင့်မပြုသော Sulfiting Agent (ချွတ်ဆေး)များကိုသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချသူများအား စီမံခန့်ခွဲရေးနည်းလမ်းအရ ၎င်းကုန်စည်များကို ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံ၏ ဆုံးဖြတ်ချက်ဖြင့် စျေးတာဝန်ခံရုံးခန်းတွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေပြီး ကျန်ပစ္စည်း (၉)မျိုးမှာ ခွင့်မပြုဆိုးဆေးပါဝင်မှုရှိ/မရှိသိရှိနိုင်ရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်ခွဲခန်းတွင် ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်ချက်အဖြေရရှိပါက သက်ဆိုင်ရာစျေးများနှင့် မိတ်ဖက်ဌာနတို့အား အသိပေးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်းရှိ အခြားကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)