စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မီးသတ်ဦးစီးဌာနသို့ ခရိုင်/မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုစုစုပေါင်း (၅၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများကိုစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) ကိုဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိကောင်းစရာများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို သတိပြုဝယ်ယူစားသုံးကြရန်နှင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့သွားရောက်၍ အသိပညာပေးလျက်ရှိပြီး ဈေးကွက်အတွင်း၌ စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ သတင်းအချက်အလက်များကို ပြည့်စုံစွာရရှိစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်လည်းရှိကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိလျှင် ဌာနသို့ လာရောက် တိုင်ကြားလာမှသာ ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ ယခုဟောပြောဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတများကို မိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံး၍ အများအကျိုးအတွက်လည်း ပြန်လည်မျှဝေစေလိုကြောင်း၊ သို့မှသာ နောင်အနာဂတ်တွင် သာယာပျော်ရွှင်သော အနာဂတ်ဘဝများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ခြွေကာ အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)