Main menu

ပြည်ခရိုင်တွင် နွေစပါးများစတင်စိုက်ပျိုး

Powered by Drupal

      ပြည်ခရိုင်တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ နွေစပါးများစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ပြည်ခရိုင်အနေဖြင့် ဖေဖော်ဝါရီလကုန်အထိ နွေစပါးစိုက်ပျိုးဧကမှာ (၁၈၉၈၈)ဧကဖြစ်၍ ပြည်မြို့နယ်တွင် (၁၁၃၄၄)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၄၆၂)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၃၀၂)ဧက နှင့် ရွှေတောင်မြို့နယ်တွင် (၂၄၆၂)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ နွေစပါးကို ပြည်ခရိုင်တွင် ဖေဖော်ဝါရီလ၌ စတင်စိုက်ပျိုးပြီး ဆည်ရေရစောသောနေရာများ၌ ဦးစွာစိုက်ပျိုးကြပြီး ဆည်ရေရနောက်ကျသည့်နေရာများတွင် စိုက်ပျိုးမှုနောက်ကြကြပါသည်။ ပုံမှန်နွေစပါးပေါ်မည့်အချိန်ကာလမှာ မေလနှင့် ဇွန်လတို့ဖြစ်ပြီး စပါးစိုက်နောက်ကျလျှင် ဇူလိုင်လတွင် စတင်ပေါ်ထွက်မည်ဖြစ်ပါသည်။ ယခင်နှစ်တွင် နွေစပါးအထွက်နှုန်းမှာ တစ်ဧကလျှင် တင်း (၁၈၀)ကျော်အထိထွက်ရှိခဲ့၍ အထွက်နှုန်းကောင်းမွန်ခဲ့ပါသည်။ အထွက်နှုန်းကောင်းမွန်သည့်အပြင် ဈေးနှုန်းလည်းကောင်းမွန်သဖြင့် နွေစပါးစိုက်ပျိုးသူတောင်သူအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိခဲ့သောနှစ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ယခုနှစ်ဖြစ်သော နွေစပါးရာသီတွင် တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ် နွေစပါးပေါ်စအချိန်တွင် စပါးတင်း (၁၀၀)လျှင် (၁၁)သိန်းကျပ်ဖြင့် ဈေးစတင်ဖွင့်လှစ်ခဲ့ပြီး စပါးများအထွက်လှိုင်ချိန်တွင် စပါးတင်း (၁၀၀)လျှင် (၁၆)သိန်းကျပ်အထိဈေးရှိခဲ့သည်ဟု တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ယခုကဲ့သို့ နွေစပါးများအထွက်နှုန်းကောင်းလာရခြင်းမှာ တောင်သူများစိုက်ပျိုးစနစ်မှန်ကန်လာခြင်း၊ မိမိတို့စိုက်ပျိုးသည့် သီးနှံတိုင်းတွင် ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်နိုင်ခြင်း၊ မြေယာထုတ်လုပ်မှုစွမ်းအားတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)