Main menu

ပြည်ပဲစင်းငုံ ပဲဈေးကွက်၌ ဈေးအမြင့်ဆုံးရလျက်ရှိနေ

Powered by Drupal

      ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိသော ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများတွင် ပဲစင်းငုံသီးနှံကို ဈေးအမြင့်ဆုံးဖြင့် ယခုကာလအတွင်း ရောင်းဝယ်နေကြသည်ဟုသိရပါသည်။ မတ်ပဲသီးနှံမှာလည်း ယခင်နှစ်နှင့်ယှဉ်လျှင် ဈေးနှုန်းများမြင့်တက်လာသည်ဆိုသော်လည်း ယခုအထွက်လှိုင်လာချိန်တွင် ပဲဈေးပြန်လျော့နည်းသွားခြင်းကြောင့် တစ်တင်း (ပိဿာ၂၀ဝင်) လျှင် ၉၂၅၀၀ကျပ်၊ ၉၃၀၀၀ကျပ်ခန့်သာရရှိခဲ့ပြီး ပဲစင်းငုံသီးနှံမှာမူ ဈေးအမြင့်ဖြင့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင်များလာပြီး ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက်အဓိကဝယ်ယူမှုရှိသောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၁၁၆၅၀၀ကျပ်ခန့်ဖြင့် ရောင်းချခဲ့ကြပါသည်။ ပြည်ခရိုင်အတွင်း ပဲစင်းငုံသီးနှံအနေဖြင့် မတ်ပဲသီးနှံကဲ့သို့ စိုက်ဧကအများအပြားမရှိဘဲ ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ၌သာ စိုက်ပျိုးမှုရှိပြီး စိုက်ဧက ၁သောင်းကျော်ခန့်သာ စိုက်ပျိုးကြပါသည်။ ပြည်ဈေးကွက်သို့ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်မြို့နယ်များအပြင် ကံမဖက်မှလည်းဝင်ရောက်မှုရှိကြပါသည်။ အခြားပဲများမှာ ယခုရက်ပိုင်း၌ ဈေးအနည်းငယ်အေးသွားပြီး ပဲစင်းငုံသီးနှံမှာလည်း ယခင်လနှင့်ယှဉ်လျှင် ဈေးအေးနေပါသည်။ ယခင်လ၌ ပဲစင်းငုံသီးနှံတစ်တင်းလျှင် ၁၁၉၀၀၀ကျပ်အထိ ဈေးကွက်၌ ဈေးအမြင့်ဆုံးရလျက်ရှိခဲ့ပြီး ယခုလ၌ ဈေးအနည်းငယ်အေးသွားသည်ဆိုသော်လည်း ဈေးအမြင့်ဆုံးဖြင့်သာ ရောင်းဝယ်နေသော ပြည်ပဝယ်လိုအားရှိသည့် ပဲသီးနှံအဖြစ်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)