ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရချင်းညှိနှိုင်းမှု စနစ် (G2G) ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်ဆောင်ရွက်လျက် ရှိသည့်အပြင် အလားတူစနစ်ဖြင့် တရုတ်နိုင်ငံသို့လည်း ဆန်တင်ပို့နိုင်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယခင်နှစ်၌ ကျင်းပခဲ့သော ဂျပန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံထံမှ ဆန် တန်ချိန် ၁ သန်းကို G2G စနစ်ဖြင့် ဝယ်ယူလိုကြောင်း အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့သည်။ ထို့နောက် ပထမအသုတ်အဖြစ် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၅၅၀၀၀ ကို အင်ဒိုနီးရှားသို့ အဆိုပါစနစ်ဖြင့် တင်ပို့ခဲ့ရာ ယခုလအတွင်း ရောက်ရှိပေးပို့နိုင်ဖွယ်ရှိသည်။ ဒုတိယအသုတ်အဖြစ် ဆန်များ ဆက် လက်တင်ပို့နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။
ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားမှုအရ နောက်ထပ် ဆန်တန်ချိန် ၂၈၀၀၀၀ ကို G2G စနစ် ဖြင့် တင်ပို့ရောင်းချမည့်ကာလအား သက်တမ်းတိုးမြှင့်နိုင်ရေး ညှိနှိုင်းထားရှိမှုရလဒ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ အခြားဆန်တင်သွင်းသည့် နိုင်ငံများသို့လည်း G2G စနစ်ဖြင့် ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယခင်နှစ်၌ ထိုင်းနိုင်ငံသည် ၅ နှစ်တာအတွင်း အများဆုံးအဖြစ် ဘတ်ငွေ ၁၇၈ ဘီလီယံ တန်ဖိုးရှိသော ဆန်တန်ချိန် ၈.၇၆ သန်းကို တင်ပို့ခဲ့ရာ တန်ဖိုးအားဖြင့် ၂၈% တိုးတက်မှုရရှိခဲ့သည်။ ပြိုင်ဘက်နိုင်ငံများထက် ဈေးနှုန်းပိုမိုမြင့်မားမှုရှိသော်လည်း ထိုင်းဟုန်မာလီဆန်မွှေး တင်ပို့မှုမှာ ကောင်းမွန်မှုရှိပြီး ၂၀၂၃ ခုနှစ်တွင် ၎င်းဆန်အမျိုးအစားကို တန်ချိန် ၁.၃၂ သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ထက် ၅.၆% တိုးတက်ခဲ့ကြောင်း၊ ထိုင်းဆန်တင်ပို့မှု အဓိကဈေးကွက်များမှာ အမေရိကန်၊ တရုတ်၊ ကနေဒါနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း ဝန်ကြီး Mr Phumtham က ပြောဆိုသည်။
ဝန်ကြီး Mr Phumtham သည် ထိုင်းပြည်တွင်းကုန်သွယ်မှုဌာနက ၂၄-၄-၂၀၂၄ နေ့တွင် ကျင်းပခဲ့သော ၂၀၂၃ ခုနှစ်အတွက် ၄၁ ကြိမ်မြောက် အမျိုးသားဟုန်မာလီဆန်ပြိုင်ပွဲ၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လယ်သမား ၄.၇ သန်းကျော်က စိုက်ပျိုးလျက်ရှိသော ထိုင်းဆန်ထုတ်ကုန်များ၏ ကိုယ်ပိုင်လက္ခဏာများအား သိမြင်နားလည်မှုကို မြှင့်တင်နိုင်ရန်အတွက် အဆိုပါပြိုင်ပွဲ ကို ထိုင်းပြည်တွင်းကုန်သွယ်မှုဌာနက ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပလျက် ဆုချီးမြှင့်ခြင်း သည် ထိပ်တန်းအရည်အသွေးရှိသော ထိုင်းစံပယ်ဆန်ကို ဖော်ထုတ်ထိန်းသိမ်းရာတွင် အထောက်အပံ့ပြုကြောင်း၊ လယ်ယာစိုက်ပျိုးရေး စံချိန်စံညွှန်းများကို မြှင့်တင်မှုနှင့်အတူ ရေရှည်တည်တံ့သော စိုက်ပျိုးရေး စံပြပုံစံတစ်ခု ဖန်တီးမှုကိုလည်း အထောက်အကူပြုကြောင်း Mr Phumtham က ပြောကြားခဲ့သည်။
Source: Bangkok Post, April 25, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)