Main menu

ဆိပ်ဖြူမြို့နယ်၌ မျိုးဥ(ဇော်မွှား)စိုက်ခင်းများ လှိုင်လှိုင်တူးဖော်ရိတ်သိမ်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်းရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ အောက်ဆိပ်အုပ်စုနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ယောချောင်း၊ ချစ်ချောင်းနံဘေးရှိ ကျေးရွာများတွင်  ကြက်သွန်နီသီးနှံကို မိုးစိုက်(ဥစိုက်)၊ ဆောင်းစိုက်(ပင်စိုက်) မျိုးစေ့အနှံယူ စိုက်ခင်းများအပြင် မျိုးစေ့မှတစ်ဆင့် မျိုးဥယူ(ဇော်မွှား)စိုက်ခင်းများကိုလည်း ဒေသတွင်းရှိ စိုက် တောင်သူများလည်း  ရာသီအလိုက် မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုအပြင် ဒေသစီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် မြစ်ချောင်းတစ်လျှောက်ရှိ သဲနုန်းမြေများတွင် အများဆုံး စိုက်ပျိုးကြပြီး ယခင်နှစ်က မျိုးဥယူ (ဇော်မွှား)စိုက်ခင်းများ စိုက်ဧက(၁၀၀)ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်ကြက်သွန်နီ မိုးစိုက်(ဥစိုက်) စိုက်ပျိုး ချိန်တွင် ဈေးကွက်ဝယ်လိုအား  ကောင်းမွန်ခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းများ အရောင်းအဝယ်ဖြစ်၍ မျိုးဥဈေးနှုန်းမှာလည်း မြင့်တက်လာ၍ စိုက်တောင်သူများအနေဖြင့် ဇော်မွှားမျိုးဥစိုက်ခင်းများကို ဧက(၁၅၀)ခန့်အထိ  တိုးချဲ့စိုက်ပျိုးမှုများလာကြောင်း ဒေသခံတောင်သူမှတစ်ဆင့် သိရှိရသည်။

     စိုက်ပျိုးမှုအနေဖြင့် အစေ့ပက်(ဇော်မွှား)စိုက်ခင်းများကို သဲနုန်းမြေများတွင် ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ဒေသခံပြည်သူများမှ ကြက်သွန်နီမျိုးစေ့ကို ကိုယ်တိုင်ပျိုးခင်းထောင်၍ စိုက်ပျိုးခြင်းနှင့် မျိုးစေ့ဝယ်ယူစိုက်ပျိုးခြင်းနှစ်မျိုးဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁၃၀၀၀၀)ဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း သိရှိရသည်။ တောင်သူအများစုသည် ကြက်သွန်နီမျိုးစေ့(၅)ပြည်မှ(၁၆)ပြည်ထိ ကြဲပက်စိုက်ပျိုးကြောင်း၊ ယခုနှစ်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုများ၍  တောင်သူများစိုက်ပျိုးချိန် နောက်ကျကြောင်း၊ ဒီဇင်ဘာလတွင် စတင်အစေ့ပက်စိုက်ပျိူးပြီး ဧပြီလတွင် ဇော်မွှားမျိုးဥများ တူးဖော် ရိတ်သိမ်းကြောင်း၊ အစေ့မှတစ်ဆင့် မျိုးဥယူခြင်းဖြစ်၍ စိုက်ပင်သက်တမ်း (၄)လခန့်ကြာမြင့်ကြောင်း  သိရှိရသည်။

     စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီမျိုးစေ့ တစ်တင်း(၁၆ပြည်)ခန့်  ကုန်ကျ ကြောင်း၊ ကြဲပက်မှုအပေါ်မူတည်ပြီး မျိုးစေ့ကုန်ကျမှုမတူညီကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ဇော်မွှားမျိုးဥ ပိဿာ (၈၀-၁၀၀)ထွက်ရှိကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှပိဿ(၁၅၀၀)ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် စိုက်ပျိုး ချိန်ရာသီတွင် ဇော်မွှားမျိုးတစ်ပိဿာ ကျပ်(၄၀၀၀-၄၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်ဧကလျှင် ကျပ်(၆၀၀၀၀၀၀) ဝင်ငွေရရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ယခုနှစ်မျိုးစေ့ဈေးနှုန်း ကြီးမြှင့်၍ ကျပ်(၄၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၂၀၀၀၀၀၀)ခန့် ရရှိကြောင်း ဒေသခံစိုက်တောင်သူများထံမှ သိရှိရသည်။

       ကြက်သွန်နီသီးနှံသည် အခြားသီးနှံများအနက်မှ စိုက်တောင်သူများအတွက် တွက်ချေကိုက်သော သီးနှံဖြစ်ကြောင်း၊ မျိုးဥယူစိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် ကြက်သွန်နီဈေးကွက်ကောင်းပြီး  ဈေးကွက်ခိုင်မာမှုရှိပါက အကျိုးအမြတ်များစွာရရှိသည့်အပြင် မျိုးစေ့မှတစ်ဆင့် မျိုးဥယူခြင်းဖြစ်၍ (နွေ)ကြက်သွန်နီဥစိုက် စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်ကြက်သွန်ဥများရရှိခြင်းကြောင့် စိုက်တောင်သူများအနေဖြင့် နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(မကွေး)