![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24_7.jpg?itok=cLImOv1D)
ကျောက်ဖရုံသီး ကုန်ကြမ်းမှ ကုန်ချောသို့ ဆိုသည်မှာ ကျောက်ဖရုံသီးမှ ကျောက်ဖရုံယို ပြုလုပ်ခြင်းကိုဆိုလိုပါသည်။ အချို့ဒေသများတွင် ကျောက်ဖရုံသီးကို အရောင်းအဝယ် ဈေးကွက်မရှိ ပါက စွန့်ပစ်ရသည့် အခြေအနေရှိပါသည်။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဝက်ပုတ်ရွာတွင် ကျောက်ဖရုံယိုလုပ်ငန်းရှိသည့်အတွက် ထိုကဲ့သို့စွန့်ပစ်ရသည်ဟူ၍မရှိပါ။ ကျောက်ဖရုံသီးကို မိုးတွင်းကာလတွင် စိုက်ပျိုးသူများပြားသော်လည်း ယခုလို နွေရာသီတွင် စိုက်ပျိုးသူ နည်းပါး၍ ရှားပါးလှပါသည်။
ယခုလိုနွေရာသီတွင် ကျောက်ဖရုံသီးကို ပိဿာချိန်ဖြင့် ဝယ်ယူရပြီး တစ်ပိဿာလျှင် (၅၅၀)ကျပ် ပေး၍ဝယ်ယူရကြောင်း ကျောက်ဖရုံယိုလုပ်ငန်းရှင်ထံမှသိရပါသည်။ ကျောက်ဖရုံယို ပြုလုပ်ရန် အတွက် ကျောက်ဖရုံသီးကို အခွံခွာ အစေ့ထုတ်ပြီး အတုံးဖြတ်စက် အသုံးပြု၍ အတုံးကလေးများရရှိအောင် ပြုလုပ်ပေးရပါသည်။ ထို့နောက်ကန်ထဲတွင် ထုံးကျက်တက်ရေဖြင့် (၁)ရက်စိမ်၊ (၁)ရက်ရေဆေးပြီး အနည်းငယ်နူးသွားအောင် ပြုတ်ပြီး ရေစစ်ကာ သကြားနယ်၍ တစ်ရက်ခန့်နှပ်ကာ နောက်ဆုံးမှ ယိုထိုးပြီးသည့်အဆင့်ကို ရောက်ရှိပါသည်။
ကျောက်ဖရုံယိုကို အများအပြားစားသုံးရန် မသင့်သော်လည်း ရေနွေးကြမ်းဖြင့် အချို တည်းရန် သွားရေစာအဖြစ် စားသုံးကြပါသည်။ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချ သောဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယိုကို (၁၇)ကျပ်သားတစ်ဗူးလျှင် ရောင်းဈေး(၁၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)