မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်၊ အလေးချိန်နှင့် အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်၊၊
စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းရောင်းချပေးကြောင်းသိရှိရပါသည်၊၊
မုံရွာခရိုင်အတွင်း (၁-၄-၂၀၂၄) ရက်နေ့မှ (၁၂-၄-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၂၃၁၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၈၅၀ကျပ်ဖြင့်လည်းကောင်း၊ (၂၂-၄-၂၀၂၄) ရက်နေ့မှ (၂၆-၄-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၁၅၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့်လည်းကောင်း၊ (၂၉-၄-၂၀၂၄) ရက်နေ့မှ (၃၀-၄-၂၀၂၄) ရက်နေ့အထိ စားအုန်းဆီပိဿာချိန် (၄၆၂၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၉၀၀ကျပ်ဖြင့်လည်းကောင်း စုစုပေါင်းပိဿာချိန် (၃၉၂၇၀) ပိဿာခန့်ကို လူစည်ကားရာရပ်ကွက်များ၊ ဈေးအပြင်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)