Main menu

တရုတ်ဈေးကွက်သို့ ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၂ ဘီလီယံအထိ ရရှိရန် ဗီယက်နမ်မျှော်မှန်း

Powered by Drupal

     ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ လတ်တလောကာလတွင် အတည်ပြုခဲ့သည့် ပီလောပီနံလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်၌ ပီလောပီနံ စိုက်ဧရိယာ၏ ၅ဝ% ခန့်ကို လည်းကောင်း၊ ၂ဝ၅ဝ ပြည့်နှစ်တွင် ပီလောပီနံ စိုက်ဧရိယာ၏ ၇ဝ% မှ ၈ဝ% ခန့်ကိုလည်းကောင်း ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပါသည်။

     ဗီယက်နမ်နိုင်ငံသည် အဆိုပါနည်းစနစ်များကို အသုံးပြု၍ ၂ဝ၃ဝ ပြည့်နှစ်တွင် လတ်ဆတ် ပီလောပီနံ စုစုပေါင်းအထွက်ပမာဏ တန်ချိန် ၁၁.၅ သန်းမှ ၁၂.၅ သန်းအထိ ထွက်ရှိလျက် ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၂ ဘီလီယံအထိ ဝင်ငွေရရှိရန် ရည်မှန်းထားသည်။ ထို့အပြင် ၂ဝ၅ဝ ပြည့်နှစ် ၌ ပီလောပီနံတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၃ ဘီလီယံမှ ၂.၅ ဘီလီယံအထိ ရရှိနိုင်မည်ဟု မျှော်မှန်း ထားသည်။

      ဗီယက်နမ် အထွေထွေအကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၂၄ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ပီလောပီနံ ၉၄၄.၉၃ တန် တင်ပို့လျက် ဒေါ်လာ ၄၃ဝ.၄၄ သန်းအထိ ဝင်ငွေရရှိခဲ့သဖြင့် ယခင်နှစ် ကာလတူထက် တန်ဖိုးအားဖြင့် ၁၅.၆% မြင့်တက်လာခဲ့ပါသည်။ ၂ဝ၂၄ ခုနှစ် မတ်လအတွင်း ပီလောပီနံပို့ကုန် ပျှမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၄၅၁.၃ ဒေါ်လာနှုန်းဖြင့် ဖေဖော်ဝါရီလထက် ၁.၇% ပိုမိုခဲ့ပြီး ယခင်နှစ် မတ်လထက် ၁၈.၂% ကျော်ပိုမိုမြင့်တက်ခဲ့ပါသည်။ ၂ဝ၂၄ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ပီလောပီနံ တင်ပို့မှု ပျှမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ၄၅၅.၅ ဒေါ်လာ ဖြစ်သဖြင့် ယခင်နှစ် ကာလတူထက် ၁၉.၅% မြင့်တက်ခဲ့ပါသည်။

      တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ပီလောပီနံများကို အများဆုံးဝယ်ယူတင်သွင်းလျက်ရှိ ပြီး စုစုပေါင်း ပီလောပီနံပို့ကုန်ပမာဏ၏ ၉၄.၂% ခန့်တင်သွင်းခဲ့ကာ တန်ဖိုးအားဖြင့် ၉၂% ခန့် ရှိခဲ့ပါသည်။ ပီလောပီနံသည် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များအနက် တန်ဖိုးအားဖြင့် ဒေါ်လာသန်း ထောင်ဂဏန်းအထိ ပထမဆုံးတင်ပို့နိုင်ခဲ့သည့် ဟင်းသီးဟင်းရွက်အမျိုးအစားတစ်ခုဖြစ်ပြီး ၂ဝ၂၃ ခုနှစ်တွင် ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၁.၃ ဘီလီယံ ဝင်ငွေရရှိခဲ့ပါသည်။

Source: Vietnam News, 27 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)